အာဆီယံက မြန်မာစစ်အုပ်စုကို တရားဝင်မှုပေးခြင်းအား ရပ်တန့်ပြီး ဆက်ဆံရေး ဖြတ်တောက်ရမည်
လွန်ခဲ့သောငါးနှစ်က မြန်မာစစ်တပ်သည် နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းယူရန် ကြိုးပမ်းခဲ့ပြီး တရားဝင် ရွေးကောက် တင်မြှောက်ခံခဲ့ရသော နိုင်ငံ့ခေါင်းဆောင်များကို လုပ်ကြံစွပ်စွဲချက်များဖြင့် မတရားဖမ်းဆီး ထောင်ချခဲ့သည်။
ထို့နောက်ပိုင်း စစ်အုပ်စုသည် မြန်မာနိုင်ငံရှိ မြို့နယ် ၃၃၀ အနက် ၃၂၈ မြို့နယ်မှ အရပ်သားပြည်သူ စုစုပေါင်း ၁၇,၈၇၁ ဦးကို သတ်ဖြတ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ၉,၇၉၄ ကြိမ် ပြုလုပ်ခဲ့ကာ ပြည်သူ ၃.၇ သန်းကျော်ကို နေရပ်စွန့်ခွာထွက်ပြေး စေခဲ့သည်။

ထို့အပြင် ပြည်သူ ၁၂ သန်းခန့်သည် စားနပ်ရိက္ခာ မလုံလောက်မှုပြဿနာနှင့် ဆိုးဆိုးရွားရွား ကြုံတွေ့နေရသည်။ စစ်အုပ်စုက ၎င်းတို့၏ အတုအယောင် “လွှတ်တော်” ကို စတင်ခေါ်ယူခဲ့သည့် ၂၀၂၆ ခုနှစ် မတ်လ တစ်လထဲတွင်ပင် အရပ်သားပြည်သူ ၅၁၈ ဦး သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ထိုတစ်လတာ ကာလသည် တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်ပြီးနောက်ပိုင်း အရပ်သားပြည်သူ သေဆုံးမှုအများဆုံး လတစ်လ ဖြစ်ခဲ့သည်။
စစ်အုပ်စုသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်းတွင် ဟန်ပြ “ရွေးကောက်ပွဲ” တစ်ခုကို အပိုင်းသုံးပိုင်းခွဲ ကျင်းပ၍ အသေးစိတ် အစီအစဉ်တကျ အကွက်ချကာ အသုံးချခဲ့သည်။
ထို ‘ရွေးကောက်ပွဲ’ ကို မဲပေးခွင့်ရှိသူ ၁၁ သန်းခန့်က သပိတ်မှောက်ခဲ့ကြပြီး နောက်ထပ် ခန့်မှန်းခြေ မဲပေးခွင့်ရှိသူ ၁၀.၅ သန်းခန့်မှာ တမင်ရည်ရွယ် ချန်လှပ်ထားခြင်း ခံခဲ့ရသည်။ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွယ်သူများမှအပ အခြားကျန်သော ဆန္ဒမဲပေးခွင့် ရှိသူများသည် ခြိမ်းခြောက်အကျပ်ကိုင်မှုများကြောင့် မဖြစ်မနေ မဲပေးခဲ့ကြရသည်။
စစ်အုပ်စုက ကြေငြာခဲ့သည့် ဆန္ဒမဲအရေအတွက်သည် ၎င်းတို့ကိုယ်တိုင်က ပယ်ဖျက်ရန် ကြိုးပမ်းလာခဲ့သော ၂၀၂၀ ရွေးကောက်ပွဲ ဆန္ဒမဲအရေအတွက်၏ ထက်ဝက်ခန့်သာရှိသည်။
မဲရလဒ်မှာ ကြိုတင်သတ်မှတ်ထားပြီးသား ဖြစ်သည်။ စစ်တပ်ကိုယ်ပွားပါတီက အရပ်သားအမတ်နေရာများကို သိမ်းကျုံးအနိုင်ရရှိခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသည့် ခန့်အပ်ခံလွှတ်တော်အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို စစ်တပ်က ဆက်လက်ရယူထားခဲ့သည်။
ဤအခြေအနေသည် အသွင်ကူးပြောင်းမှု ဖြစ်စဉ်တစ်ခု မဟုတ်ပါ။ နိုင်ငံတကာတွင် ပုံမှားရိုက်ရန် ကြိုးပမ်းသည့်လုပ်ရပ် တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် လက်ရှိ စစ်အုပ်စု ထိန်းချုပ်မှုအောက်တွင် မရှိသော နယ်မြေအများအပြားကို တရားဝင် နိုင်ငံတော်အာဏာပိုင်အဖွဲ့အဖြစ် အုပ်ချုပ်ခွင့်ရရန် အဓမ္မအကြမ်းဖက်လုယူသည့် ကြိုးပမ်းမှုတစ်ခုသာ ဖြစ်သည်။
စီဘူးတွင် အာဆီယံက စစ်အုပ်စုကို တိတ်တဆိတ်ထောက်ခံမှုပေးခြင်း
မြန်မာနိုင်ငံတွင် စစ်အုပ်စုက အရပ်သားပြည်သူများကို ဆက်လက်ဗုံးကြဲနေစဉ် မေလ၊ ၈ ရက်နေ့က (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံကို ကျင်းပခဲ့ကြသည်။
ညီလာခံ၏ ကြေညာချက်တွင် (၂၀၂၁ ခုနှစ် ဧပြီလတွင် လက်မှတ်ရေးထိုးပြီးနောက် စစ်အုပ်စုဘက်က လုံးဝ လျစ်လျူရှု ထားခဲ့သော) ဘုံသဘောတူညီချက် ငါးရပ်သည် “သိသာသောတိုးတက်မှုမရှိ” ဟု ဆိုထားသော်လည်း စစ်အုပ်စုသည် ပဋိပက္ခ၏ ဇစ်မြစ်ဖြစ်ပြီး ပဋိပက္ခဖြစ်အောင် အဓိကဖန်တီးနေသူဖြစ်ကြောင်း အမည်တပ်ဖော်ပြထားခြင်း မရှိချေ။
စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို “အပိုင်းသုံးပိုင်းပါ မြန်မာနိုင်ငံ အထွေထွေရွေကောက်ပွဲ အပြီးသတ်ကျင်းပ ပြီးစီးခြင်း” ဟု ညွှန်းဆိုထားပြီး ထိုသို့သော သံတမန်ရေးရာဆန်ဆန် စကားအသုံးအနှုန်းများသည် စစ်အုပ်စုကို မသိမသာ ထောက်ခံမှုပေးရာ ရောက်နေသည်။
ထုတ်ပြန်ကြေညာချက်ထဲတွင် သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ တရားဝင် ရာထူးအမည်များကို မဖော်ပြပဲ ချန်လှပ်ထားခြင်းသည် ပြည်သူများက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော တရားဝင် နိုင်ငံ့ခေါင်းဆောင်များကို ရည်ရွယ်ချက်ရှိရှိ မသိမသာ အသိမှတ်ပြုမှု ငြင်းပယ်လိုက်သည့်လုပ်ရပ် ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များကို နေရပ်ပြန်ပို့ရေးကိစ္စနှင့် ပက်သက်၍လည်း ကြေညာချက်ထဲတွင် ရိုဟင်ဂျာ ဟု အမည်တပ်ခေါ်ဆိုရန် ငြင်းဆန်ထားခြင်းသည် မတော်မဆ အမှားတစ်ခုမဟုတ်ပါ။ ရိုဟင်ဂျာတို့၏ သရုပ်လက္ခဏာကို အသိအမှတ်မပြုပဲ ငြင်းပယ်သူမှာ စစ်အုပ်စုသာ ဖြစ်သည်။
ရိုဟင်ဂျာကို အသိအမှတ်ပြုထားသော ကုလသမဂ္ဂဆုံးဖြတ်ချက်များတွင် အာဆီအဖွဲ့ဝင်နိုင်ငံများလည်း ပါဝင်ထောက်ခံခဲ့သည်။ ကြေညာချက်ထဲတွင် ရိုဟင်ဂျာအမည်ကို ဖျောက်ဖျက်ထားခြင်းသည် ကမ္ဘာပေါ်တွင် အကာအကွယ်အနည်းဆုံး လူမျိုးစုများထဲကတစ်စုကို တိုက်ရိုက်စတေးကာ စစ်တပ်၏ အနိုင်ကျင့်ဗိုလ်ကျမှုကို ဆက်လက်လိုက်လျောရန် ရွေးချယ်လိုက်သည့် လုပ်ရပ်တစ်ခု ဖြစ်သည်။ ဤအပြုအမူသည် အာဆီယံကိုယ်တိုင်က လိုက်နာရမည့် ကတိကဝတ်များကို ချိုးဖောက်လိုက်သည့် လုပ်ရပ်ဖြစ်သည်။
ခေါက်ရိုးကျိုးလှည့်ကွက်ကို ထပ်မံယုံစားကြခြင်း
“အကျဉ်းသား” ၄,၀၀၀ ကျော် လွှတ်ပေးခြင်းကို ကြိုဆိုသည်ဟု အာဆီယံသည် ဆိုခဲ့သည်။ “အကျဉ်းသား” ဟူသည့် ယေဘုယျအသုံးအနှုန်းသည် ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ထားသော စကားလုံးဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ ရှိနေကြောင်းကို ငြင်းဆိုသည့်အနေဖြင့် ၎င်းတို့ကို အထွေအထွေအကျဉ်းသားများနှင့်အတူ ရောနှောဖုံးဖိထားရန် ဆယ်စုနှစ်ချီ အသုံးပြုလာခဲ့သော နည်းစနစ်ဟောင်းတစ်ခု ဖြစ်သည်။
လွတ်မြောက်လာသူများတွင် အတည်ပြုနိုင်သော နိုင်ငံရေးအကျဉ်းသား ၂၉၂ ဦးသာ ပါဝင်ခဲ့ရာ ထောင်နှင့်ချီသော အထွေအထွေအကျဉ်းသားများ လွတ်ပေးသည့်ကိစ္စသည် မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းရန် ရည်ရွယ်ချမှတ်ခဲ့သော သံတမန်ရေးနှင့်နိုင်ငံရေး လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် အာဆီယံဘုံသဘောတူညီချက် ငါးရပ်နှင့် မည်သို့မည်ပုံ သက်ဆိုင်မှု ရှိလေသနည်း ဟူသည်ကို စိုးစင်းမျှ ထည့်သွင်းဖော်ပြထားခြင်း မရှိချေ။
ဤလုပ်ရပ်သည် နိုင်ငံတကာ အစည်းအဝေးတစ်ခုခု မကျင်းပမီ နိုင်ငံရေးအကျဉ်းသား အနည်းငယ်ကို အထွေထွေ အကျဉ်းသားများနှင့် အချိန်ကိုက်ရောလွတ်ကာ ကမ္ဘာကြီးက ၎င်းတို့ကို ချီးမွမ်းဩဘာပေးလာအောင် လုပ်ဆောင်သည့် ခေါက်ရိုးကျိုး နည်းစနစ်ဟောင်းသာ ဖြစ်သည်။
ဤဖြစ်စဉ်သည် အာဆီယံအတွက် “သိသာသောတိုးတက်မှုမရှိ” သည့် အခြေအနေတစ်ခု မဟုတ်ပါ။ စစ်အုပ်စုက ၎င်းတို့အား စနစ်တကျလှည့်စားနေခြင်းကို တမင်မျက်ကွယ်ပြုရန် အာဆီယံက အကြိမ်ကြိမ် ရွေးချယ်နေခြင်းသာ ဖြစ်သည်။
ဘုံသဘောတူညီချက်များကို လိုက်နာရန် ငါးနှစ်တိုင် ပျက်ကွက်လာခဲ့ခြင်းသည် လုံလောက်သောအဖြေတစ်ခု ဖြစ်နေပြီးသား ဖြစ်သည်။ ဘုံသဘောတူချက်ငါးရပ်သည် စစ်အုပ်စုက ဖော်ဆောင်လိုစိတ်မရှိသော မူဘောင်တစ်ခုဖြစ်သည်။ ၎င်းတို့ အကျိုးအတွက် အမြတ်ထုတ်ရန် လိုလိုလားလား အသုံးချလာခဲ့သောအရာ တစ်ခုသာဖြစ်သည်။
မူပေါ်အခြေခံရပ်တည်ရန် ပျက်ကွက်နေသော ထိုင်းနှင့် မလေးရှား
တစ်ဖက်တွင် စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးနှင့် သီးသန့်တွေ့ဆုံရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့ကြောင်း သတင်းများပေါ်ထွက်ခဲ့သည်။ ထိုကြိုးပမ်းမှုသည် ဘုံသဘောတူချက်ငါးရပ်၏ လုပ်ပိုင်ခွင့်မူဘောင်ကို ကျော်လွန်နေပြီး အတုအယောင် ရွေးကောက်ပွဲအလွန် စစ်အုပ်စုက ဖွဲ့စည်းခန့်အပ်ထားသော ယန္တရားများ၊ အစုအဖွဲ့များနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည် တည်ဆောက်လိုသည့်ဆန္ဒကို ဖော်ပြနေသည်။
အာဆီယံထိပ်သီးညီလာခံ မတိုင်ခင်တွင်က မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်သည် အသွင်ပြောင်း စစ်အုပ်စုက အာဆီယံအစည်းအဝေးများတွင် ပါဝင်ခွင့်ရရန် တောင်းဆိုချက်ကို လူသိရှင်ကြား ငြင်းပယ်ခဲ့သည်။ သို့သော် စီဘူးထိပ်သီးအစည်းအဝေးအပြီး တစ်ပတ်အကြာတွင် မိုဟာမက်ဟာဆန်သည် နေပြည်တော်သို့ အလုပ်ကိစ္စဖြင့် သွားရောက်ခဲ့ပြီး စစ်အုပ်စုခန့် နိုင်ငံခြားဝန်ကြီးနှင့် တိုက်ရိုက်တွေ့ဆုံခဲ့သည်။
၂၀၂၅ ခုနှစ်ထဲတွင် မလေးရှားနိုင်ငံသည် မြန်မာ့အရေးနှင့်ပက်သက်ပြီး မူပေါ်အခြေခံ ရပ်တည်ခဲ့သော အာဆီယံဥက္ကဌ ဖြစ်ခဲ့ပြီး စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ငြင်းပယ်ခဲ့သည့်အပြင် ပဋိပက္ခဒဏ်သင့် နေရပ်စွန့်ခွာထွက်ပြေးနေရသော ပြည်သူများထံသို့ နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများ မှတစ်ဆင့် အကူအညီပေးပို့ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။
ထိုစဉ်က မလေးရှားနိုင်ငံသည် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအတွက် လေးစားအတုယူစရာ ဖြစ်ခဲ့သည်။ သို့သော် လက်ရှိတွင် မလေးရှားအစိုးရသည် စစ်အုပ်စု၏မြို့တော်သို့ ရောက်ရှိနေလျက်ရှိရာ ၎င်းအပေါ် ယုံကြည်နိုင်စရာ မရှိတော့ချေ။
ပုံမှန်အခြေအနေ ပြန်လည်သွတ်သွင်းသည့် လုပ်ရပ်များသည် တရားဝင်ကြေငြာမောင်းခတ်ပြီး လုပ်ဆောင်သည့်အရာများ မဟုတ်ပါ။ ၎င်းတို့သည် အလုပ်ကိစ္စသွားရောက်ခြင်း၊ ချစ်ကြည်ရေး အစည်းအဝေးပြုလုပ်ခြင်း၊ မြန်မာပြည်သူများ၏ မျက်ကွယ်ရာတွင် “နှစ်နိုင်ငံဆက်ဆံရေး” ကိစ္စများ ပြောဆိုဆွေးနွေးခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ပြည်သူများ၏ဆန္ဒကို အလေးမထားခြင်းနှင့် ၎င်းတို့၏ ဆင်းရဲဒုက္ခများကို လျစ်လျူရှုခြင်း စသည်သည့် အပြုအမူများမှသာ စတင်သည်။
စစ်အုပ်စုက အခွင့်အရေးကို အရယူခဲ့သည်
စစ်အုပ်စုက ထိုခရီးစဉ်ကပေးသော အခွင့်အရေးကို အကောင်းဆုံးအသုံးချကာ ဝါဒဖြန့်မှုများ လုပ်ဆောင်ခဲ့သည်။
စစ်အုပ်စုသည် ထိုတွေ့ဆုံမှုကို နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ထူထောင်မှုအဖြစ် ပုံဖော်ကာ ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးဌာန Facebookစာမျက်နှာတွင် ပြန်လည်ဖော်ပြခဲ့သည်။ ဘန်ကောက်အခြေစိုက် နိုင်ငံရေးသုံးသပ်သူ တစ်ဦးကလည်း “မလေးရှားက ရွေးကောက်ပွဲရလဒ်ကို လက်ခံလိုက်ပြီဖြစ်ပြီး ယင်းသည် ကောင်းမွန်သောအရွေ့တစ်ခု” ဖြစ်သည်ဟု မလေးရှားနိုင်ငံပိုင် မီဒီယာကို ပြောကြားခဲ့သည်။
ထိုပို့စ်ကို ပြန်လည်ဖြုတ်ချခဲ့သော်လည်း နောက်ကျသွားပြီဖြစ်သည်။ စစ်အုပ်စုဘက်က ၎င်းတို့ရည်ရွယ်ထားသည့်အတိုင်း ဝါဒဖြန့်နိုင်ခဲ့ပြီး နိုင်ငံတကာတွင်လည်း ထိုသတင်းကို ဖြန့်ဝေခဲ့ကြပြီးဖြစ်သည်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်သည် ရိုးရှင်းသောမေးခွန်းတစ်ခုကို ဖြေဆိုသင့်သည်။ ပြီးခဲ့သော နှစ်များတွင် မလေးရှားနိုင်ငံက မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုအတွက် ယုံကြည်အားထားဖွယ်ရာ မူပေါ်အခြေခံ ရပ်တည်ခဲ့သော ခေါင်းဆောင်မှုမျိုး ပြသခဲ့ပါလျက် မိုဟာမက်ဟာဆန်က ယခုကဲ့လို စစ်ကောင်စီက ၎င်းကိုအသုံးချနိုင်အောင် ဘာကြောင့်များ ခွင့်ပြုခဲ့ပါသနည်း။
မြန်မာပြည်သူများက မလေးရှားအစိုးရအပေါ် ထားခဲ့သော ယုံကြည်မှုသည် သံတမန်ရေးအရ လေးစားမှုပြခြင်း မဟုတ်ပါ။ မြန်မာပြည်သူနှင့်အတူ သွေးစည်းညီညွတ်မှု ပြသခဲ့သည့် မလေးရှားနိုင်ငံ၏ မူပေါ်အခြေခံသော ရပ်တည်ချက်အပေါ် အခြေခံသည့် ယုံကြည်မှုတစ်ခုဖြစ်ပြီး လက်ရှိတွင်ရော အနာဂတ်တွင်ပါ မြန်မာပြည်သူလူထုနှင့် ဆက်ဆံရေး တည်ဆောက်ရာတွင် မရှိမဖြစ်လိုအပ်သည့် အခြေခံအုတ်မြစ်တစ်ခု ဖြစ်သည်။
အရပ်ဖက်လူမှုအသိုင်းအဝိုင်း၏ ရှင်းလင်းပြတ်သားသော တောင်းဆိုချက်များ
၂၀၂၆ ခုနှစ်၊ ဧပြီလ၊ ၂၄ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ခဲ့သော အိတ်ဖွင့်ပေးစာထဲတွင် မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဖက်အဖွဲ့အစည်း ၂၀၁ ဖွဲ့က ၎င်းတို့၏ တောင်းဆိုချက်များကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။
ဆိုးရွားပြင်းထန်သော အကြမ်းဖက်မှုနှင့် ကန့်သတ်ပိတ်ပင်မှု များစွာအောက်က ကျင်းပ ခဲ့သည့် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲဖြစ်စဉ် တရားဝင်မှု ပျက်ပြယ် ကြောင်း အာဆီယံက တရားဝင် ကြေညာရမည်။ စစ်တပ်ဦးဆောင်သော ဟန်ပြအစိုးရ၊ လွှတ်တော်နှင့် ထိုမှထွက်ပေါ်လာမည့် ကိုယ်စားလှယ်များကို တရားဝင်မှု ငြင်းပယ်ရမည်။ စစ်အုပ်စု ကိုယ်စားလှယ်များကို မည်သည့် အာဆီယံ အစည်းအဝေးကိုမျှ တက်ရောက် ခွင့်မပြုပဲ ပိတ်ပင်ရမည်။
စစ်အုပ်စုနှင့် ၎င်း၏စနစ်များကို ကျော်လွှားနိုင်သည့် လူသားချင်းစာနာမှုအကူအညီ ဝင်ရောက်ရေး အစီအစဉ်များ အခိုင်အမာ ချမှတ်ဆောင်ရွက်ပါ။ မြန်မာအရပ်ဘက် အဖွဲ့အစည်းများ(CSOs) နှင့် လူထုအခြေပြု အဖွဲ့အစည်းများ (CBOs) ထံသို့ တိုက်ရိုက် အကူအညီပေးနိုင်အောင် ဆောင်ရွက်ပါ။ တိုင်းရင်းသားလူမျိုးစု တော်လှန်ရေး အဖွဲ့အစည်းများ(EROs)၊ မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အများ ယုံကြည်ရသော CBOs၊ CSOsနှင့် ကွန်ရက်များနှင့် ဆွေးနွေးတိုင်ပင်ကာ ၎င်းတို့မှတဆင့် နယ်စပ်ဖြတ်ကျော် အကူအညီပေးနိုင်အောင် စီစဉ်ပံ့ပိုးပါ။
လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရာတွင် အသုံးပြုသည့် လက်နက်နှင့် လေယာဉ်ဆီ ထောက်ပံ့မှု ကွင်းဆက်များကိုသာမက ထိုကုန်ပစ္စည်းများကို ဖြန့်ဝေပေးသည့် သယ်ယူပို့ ဆောင်ရေးဆိုင်ရာ အစီအမံများကိုပါ ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်ပါ။ စစ်အုပ်စုကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နိုင်စွမ်းရှိအောင် အထောက်အကူ ပေးနေသော ဒေသတွင်း လက်နက်နှင့် လေယာဉ်ဆီ တဆင့်ခံ သယ်ယူပို့ဆောင်ရာ နေရာများကို ဟန့်တားခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်း လုပ်ဆောင်ပါ။ မည်သည့် အာဆီယံအဖွဲ့ဝင် နိုင်ငံမှ အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ရာတွင် အသုံးပြုသည့် အရစ်အမြစ်များအား ကြားခံသယ်ယူပေးသူ မဖြစ်စေရန် အခိုင်အမာ ဆောင်ရွက်ပါ။
ဆိုးရွားသော နိုင်ငံတကာ ဥပဒေချိုးဖောက်မှုများကို ကိုင်တွယ်နိုင်ရန်နှင့် ရက်စက် ကြမ်းကြုတ်သော နိုင်ငံတကာ ရာဇဝတ်မှုများအတွက် တာဝန်ယူမှုတာဝန်ခံမှု ဖော်ဆောင်နိုင်ရန်အတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံများသည် အပြည်ပြည်ဆိုင်ရာ တရားစီရင်ခွင့် အာဏာကို ကျင့်သုံးလိုက်သည့် တီမောလက်စ်တေနှင့် အင်ဒိုနီးရှား နိုင်ငံတို့၏ ကြိုးပမ်းအားထုတ်မှုများ အပါအဝင် နိုင်ငံတကာ တရားမျှတမှုဆိုင်ရာ ကမကထပြု ကြိုးပမ်းအားထုတ်မှုများကို တက်ကြွစွာ အားပေးပံ့ပိုး ကူညီသင့်သည်။ အာဆီယံသည် ILOဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အပိုဒ် ၃၃ အရ ချမှတ်ခဲ့သော အဓမ္မတပ်သားသစ် စုဆောင်းခြင်း၊ စစ်တပ်ထိန်းချုပ် နယ်မြေများတွင် အတင်းအကျပ် ခိုင်းစေခြင်းနှင့် ငွေလိမ်စင်တာများတွင် ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း အပါအဝင် ပဋိပက္ခနှင့်ဆက်နွှယ်သော အဓမ္မခိုင်းစေမှု တိုက်ဖျက်ရေးဆိုင်ရာ ILO ၏ ဇွန်လ ၂၀၂၅ ခုနှစ် ဆုံးဖြတ်ချက်ကို ကတိကဝတ်ပြု အားစိုက် အကောင်အထည်ဖော်ရမည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHCR) ၏ ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည့် အတိုင်း အာဆီယံ အထူးသံတမန်၏ ထိတွေ့ဆက်ဆံမှုများနှင့် စီစဉ်ပံ့ပိုးမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများက လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုကို အခြေခံသည့် လုပ်ဆောင်ချက်များ ဖြစ်အောင် အခိုင်အမာ ဆောင်ရွက်ပါ။ အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများတွင် NUG၊ SCEF၊ EROsနှင့် အရပ်ဘက်လူမှု အသိုင်းအဝိုင်း အပါအဝင် ဒီမိုကရက်တစ် အစုအဖွဲ့များကို အဓိကဗဟိုပြု ဆောင်ရွက်ပါ။ အထူး သံတမန်၏ ထိတွေ့ဆက်ဆံမှုများနှင့် ကြိုးပမ်းအားထုတ်မှုများသည် အကြမ်းဖက်မှုနှင့် ရက်စက် ကြမ်းကြုတ်မှုများ ရပ်တန့်ရေး၊ တပ်သားသစ် အဓမ္မစုဆောင်းမှု ရပ်တန့်ရေးနှင့် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရေး ကိစ္စရပ်များကို ဦးစားပေးသည့် ဆောင်ရွက်ချက်များ ဖြစ်စေရန် အခိုင်အမာ လုပ်ဆောင်ပါ။
အာဆီယံက ဘေးထွက်နေရမည်
ဖိလစ်ပိုင်နိုင်ငံသည် လက်ရှိအာဆီယံဥက္ကဌ ဖြစ်သည်။ အာဆီယံက ရာဇဝတ်သား စစ်အုပ်စုအလိုကျ အလျော့ပေးလိုက်လျော နေခြင်းကြောင့် စစ်အုပ်စုက မြန်မာပြည်သူများအပေါ် ပိုမိုပြင်းထန်သော အကြမ်းဖက်မှုများ ကျူးလွန်ခွင့် ရလာခဲ့သည်။
ဖိလစ်ပိုင် အမျိုးသမီးလွှတ်တော်အမတ် လိုင်လာဒီလီမာက စစ်အုပ်စုအပေါ် ပိုမိုပြတ်သားသော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် အာဆီယံခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်။ အရပ်ဘက်အဖွဲ့အစည်းများကလည်း စီဘူးမြို့တွင် စုဝေးဆန္ဒပြကာ စီဘူးကြေငြာစာတမ်းကို ထုတ်ပြန်ခဲ့သည်။
ပြည်သူများတွင် ရှင်းလင်းပြတ်သားသော တောင်းဆိုချက်များ ရှိထားပြီးဖြစ်သည်။ လူသတ်စစ်တပ်၏ လက်ချက်ကြောင့် မြန်မာပြည်သူများ နေ့စဉ်နှင့်အမျှ အသက်ဆုံးရှုံးနေရချိန် အာဆီယံသည် အချိန်ဆွဲနေရုံသာမက ယခုအခါ ဦးတည်ရာပါ လွဲချော်လာနေသည်။
ငါးနှစ်တိုင်တိုင် ဘုံသဘောတူချက် ငါးရပ်၏ ကျရှုံးခြင်းက စစ်အုပ်စု၏ ရာဇဝတ်မှုများတွင် အာဆီယံက မည်သို့မည်ပုံ ပါဝင်ပတ်သက်နေခဲ့ကြောင်း သက်သေထူနေသည်။ ဖိလစ်ပိုင်နိုင်ငံသည် မူပေါ်အခြေခံသည့် အစားထိုးချဉ်းကပ်ပုံ အသစ်တစ်ခုကို ထုတ်ဖော်ပြသရန် အခွင့်အရေးရှိသလို တာဝန်လည်းရှိသည်။
ထို့အတွက် အာဆီယံသည် ၎င်း၏ နိုင်ငံရေးအတ္တကို စွန့်လွှတ်ပြီး စစ်အုပ်စုက ဖန်တီးခဲ့သော အထွေထွေအကျပ်အတည်းကို ၎င်းတစ်ဖွဲ့တည်းက ဖြေရှင်းနိုင်စွမ်း မရှိကြောင်း အမှန်အတိုင်း လက်ခံကာ ကုလသမဂ္ဂ အထွေထွေညီလာခံ နှင့် လုံခြုံရေးကောင်စီက ဝင်ရောက်အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုရမည်။
အာဆီယံသည် မင်းအောင်လှိုင် နှင့် ၎င်း၏ ရာဇဝတ်သား စစ်အုပ်စုကို နိုင်ငံတကာဥပဒေအရ အရေးယူနိုင်ရန် ကြိုးပမ်းနေသော နိုင်ငံတကာအသိုင်းအဝိုင်းနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ရမည်။
သမိုင်းတစ်လျှောက် စစ်တပ်၏ အဆိုးရွားဆုံး အကြမ်းဖက်မှုများနှင့် ကြုံတွေ့နေရချိန် အာဆီယံ၏ ကြီးကြီးမားမား အကူအညီတစ်စုံတစ်ရာမပါပဲ ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်တစ်ခု တည်ဆောက်ရန် ကြိုးပမ်းနေသော မြန်မာပြည်သူများကို အာဆီယံက လမ်းဖွင့်ပေးရမည်။
ဤတော်လှန်ရေးသည် ပြည်သူများက ဦးဆောင်ပြီး ပြည်သူများကပိုင်ဆိုင်ကာ ပြည်သူများကိုယ်တိုင်က ပါဝင်အကောင် အထည်ဖော်နေသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။ စစ်အုပ်စုက မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ ဆက်လက် ကျူးလွန်နေသော်လည်း အာဆီယံသည် နှစ်ပေါင်းများစွာတိုင်အောင် ဒုက္ခိတတစ်ဦးကဲ့သို့ ပြုမူနေခဲ့သည်။
အာဆီယံသည် စစ်အုပ်စု၏အကြမ်းဖက်မှုများကို တားဆီးကာ မြန်မာပြည်သူများ၏ အသက်အိုးအိမ်ကို အကာအကွယ်ပေးရန် မစွမ်းဆောင်နိုင်ပါက အနည်းဆုံးအနေဖြင့် စစ်အုပ်စုကို တရားဝင်မှုရစေသော အပြုအမူများကို ရပ်တန့်ပြီး ဘေးထွက်နေရန် လိုအပ်သည်။
—---------
(ဒေါ်ခင်ဥမ္မာသည် မြန်မာလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်ပြီး ၈၈၈၈ အရေးတော်ပုံတွင် ဦးဆောင်ပါဝင်ခဲ့သူတဦး ဖြစ်သည်။ သူမသည် မြန်မာလူ့အခွင့်အရေး အဖွဲ့အစည်းတခု ဖြစ်သော ရှေ့ပြေးအသံ (Progressive Voice) အဖွဲ့၏ တည်ထောင်သူ တဦးလည်း ဖြစ်သည်။ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံအတွက် ‘အမျိုးသမီးငြိမ်းချမ်းရေး တည်ဆောက်ရေး အစီအစဉ်’ ကို ထူထောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်အထိ အစီအစဉ်ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။)
ဤဆောင်းပါးကို DVB သတင်းစာမျက်နှာတွင် ဖော်ပြထားပြီး ဖြစ်ပါသည်။



