၆၁ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေး
အကြောင်းအရာ (၄) - မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်၏ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးခြင်း
လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတက်ရေးဆိုင်ရာ အာရှဖိုရမ် (FORUM-ASIA) ၏ ကိုယ်စား ဒေါ်ခင်ဥမ္မာ၏ နှုတ်ဖြင့်တင်ပြချက်
၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်
လေးစားအပ်ပါသော ဒုဥက္ကဌကြီးရှင်-
အစီရင်ခံစာတင်သွင်းပေးပါသော လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကို ကျေးဇူးတင်ပါသည်။ ဤအစီရင်ခံစာသည် ကောင်စီထံသို့ အထူးကိုယ်စားလှယ်တဦးအဖြစ် လူကြီးမင်း၏ နောက်ဆုံးအကြိမ် တင်ပြမှုဖြစ်သောကြောင့် လူ့အခွင့်အရေး ကာကွယ်ရေးအတွက် လူကြီးမင်း၏ မဆုတ်မနစ် အားစိုက်ဆောင်ရွက်ခဲ့မှုများနှင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးမှုအတွက် လေးလေးနက်နက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။ လူကြီးမင်း၏ ဆောင်ရွက်ချက်များသည် စစ်အုပ်စုက ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများ၊ အထူးသဖြင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းရန် ကြိုးပမ်းမှု ဖြစ်ပြီးနောက်ပိုင်း ကျူးလွန်မှုများကို နိုင်ငံတကာက ဆက်လက်အာရုံစိုက်အောင် ဆောင်ရွက်ရာတွင် အခရာကျခဲ့ပါသည်။
မြန်မာစစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပတ်ခတ်မှုများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၊ အဓမ္မအစဖျောက်မှုများ၊ ညှင်းပန်းနှိပ်စက်မှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ၊ အစုလိုက်အပြုံလိုက် တရားလက်လွတ် ဖမ်းဆီးမှုများ စသည့်လုပ်ရပ်များမှတဆင့် တနိုင်ငံလုံးအတိုင်းအတာ ခြောက်လှန့်အကြမ်းဖက်မှု လုပ်ငန်းများကို ဆက်လက်ကျူးလွန် နေလျက်ရှိပါသည်။ စစ်တပ်သည် ဆိုးရွားလှသော လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတခု ဖြစ်ပေါ်အောင် ဖန်တီးလာခဲ့ပြီး ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးသူ ၃.၇ သန်းကျော်ထံသို့ အကူအညီများ မရောက်နိုင်အောင် ပိတ်ပင်တားဆီးမှုများ ပြုလုပ်လာခဲ့သည်။
စစ်အုပ်စုသည် နယ်မြေများ ဆက်လက် လက်လွတ်ဆုံးရှုံး နေရသောကြောင့် အကြမ်းဖက်အကျပ်ကိုင်၍ အတုအယောင် ရွေးကောက်ပွဲကျင်းပကာ တရားဝင်မှု ရနိုင်ရန် ကြိုးပမ်းနေလျက်ရှိသည်။ စစ်အုပ်စုသည် ရွေးကောက်ပွဲကာလ အတွင်း၌ပင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄၀၀ ကျော် ပြုလုပ်ခဲ့ကာ ပြည်သူ ၁၇၀ ကျော်ကို သတ်ဖြတ်ခဲ့သည်။
ဥရောပသမဂ္ဂနှင့် အာဆီယံ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း အစုအဖွဲ့အများအပြားက ဤရုပ်ပျက်ဆင်းပျက် အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်ပြုမှုပေးရန် သို့မဟုတ် စောင့်ကြည့်လေ့လာသူများ စေလွှတ်ရန် ငြင်းဆိုခဲ့ခြင်းကို မိမိတို့ ကြိုဆိုပါသည်။ ထွက်ပေါ်လာသည့် ရလဒ်များကို ငြင်းပယ်ရန်၊ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ပိုမိုခိုင်မာ အားကောင်းအောင် ဆောင်ရွက်ရန် နှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး မြန်မာပြည်သူများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ပိုမိုအားပေးပံ့ပိုးကူညီရန် သက်ဆိုင်ရာနိုင်ငံများကို တိုက်တွန်းပါသည်။
နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးအပါအဝင် လုံခြုံမှု၊ ထိရောက်မှုနှင့် ပွင့်လင်းမြင်သာမှုရှိသော လူသားချင်းစာနာမှု အကူအညီပေးရေးအစီအစဉ် ဆက်လက်ဆောင်ရွက်သွားရန် အာဆီယံ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုပါသည်။ မြန်မာနိုင်ငံတွင် လူသုံးဦးလျှင်တဦးနှုန်း လူသားချင်းစာနာမှု အကူအညီ လိုအပ်နေပြီး လူ ၁၂ သန်းခန့် ဆိုးရွားသော ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်းနှင့် ကြုံတွေ့နေရသည်။ ထို့ကြောင့် စစ်တပ်၏ နှောက်ယှက်မှုမရှိပဲ ဒေသခံပြည်သူလူထုထံသို့ အကူအညီများရောက်စေရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား တော်လှန်ရေးအင်အားစုများ (EROs) နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ အပါအဝင် မြန်မာနိုင်ငံ၏ တရားဝင် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းပူးပေါင်းပြီး အကူအညီပေးဝေရေး ယန္တရားတခုကို အရေးပေါ်အမြန်ဆုံး လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်ရန် အာဆီယံဥက္ကဌကို မိမိတို့ တိုက်တွန်းပါသည်။
ပိုမိုဆိုးရွားလာနေသော ရက်စက်ကြမ်းကြုတ်မှုများနှင့် စစ်တပ်က ဆယ်စုနှစ်များစွာတိုင် အထွေထွေ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေခြင်းကို အဆုံးသတ်နိုင်ရန် တာဝန်ယူမှု တာဝန်ခံမှုသည် အလွန်တရာမှ အရေးကြီးလှပါသည်။ မြန်မာစစ်တပ်ကို တရားစွဲဆိုမည့် တီမောလက်စ်တေနိုင်ငံ၏ ဆုံးဖြတ်ချက်ကို မိမိတို့ကြိုဆိုပြီး နိုင်ငံတကာတရားရုံး(ICJ) ၏ ဆုံးဖြတ်ချက်ကိုလည်း မျှော်လင့်စောင့်စား နေပါသည်။ ရောမဥပဒေစာချုပ် အပိုဒ် (၁၄) အရ မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးသို့ လွှဲပြောင်းခြင်းအပါအဝင် ဆက်လက် အရေးယူဆောင်ရွက်များ ပြုလုပ်သွားရန်လည်း တောင်းဆိုပါသည်။
ကျေးဇူးတင်ပါသည်။
(ဒေါ်ခင်ဥမ္မာသည် မြန်မာလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်ပြီး၊ ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကို စီစဉ်ရာတွင် ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်။ သူမသည် မြန်မာလူ့အခွင့်အရေး အဖွဲ့အစည်းတခုဖြစ်သော ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) ၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌလည်းဖြစ်သည်။)

