အဝေးရောက်သူတစ်ဦးမှ တက်ကြွလှုပ်ရှားသူလူငယ်သို့ ပေးစာများ (၁)
ကျမနဲ့ ရှစ်လေးလုံးအရေးတော်ပုံ
သို့-
ချစ်ခင်ရတဲ့ တက်ကြွလူငယ်
ကျမနဲ့ သက်တူရွယ်တူ တက်ကြွလှုပ်ရှားသူတိုင်း ‘ရှစ်လေးလုံးအရေးတော်ပုံ’နဲ့ ပတ်သက်ပြီး ပြောပြစရာတွေ ကိုယ်စီရှိတတ်ကြပါတယ်။ အဲဒီအချိန်က အားလုံးက စိတ်ဓာတ်ပြင်းပြခဲ့ကြပြီး တစ်နိုင်ငံလုံး အုံကြွပြီး အာဏာရှင်လက်အောက်က လွတ်မြောက်နိုင်တော့မယ်လို့ အခိုင်အမာ ယုံကြည်ခဲ့ကြတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရေစီလှုပ်ရှားမှု အစည်းအရုံး (မကဒ) ဟာ ရှစ်လေးလုံး အရေးတော်ပုံအတွက် စတင်စည်းရုံး လှုပ်ရှားခဲ့တဲ့ အဖွဲ့အစည်းတွေထဲက တစ်ခုဖြစ်ပြီး ဒီအဖွဲ့အစည်းထဲမှာ ပါဝင်ခဲ့ခြင်းက ကျမရဲ့ တက်ကြွလှုပ်ရှားမှု ခရီးလမ်းအတွက် အဆုံးအ ဖြတ်တစ်ခု ဖြစ်စေခဲ့ပါတယ်။
၁၉၈၈ ခုနှစ် အစောပိုင်းမှာ ကျောင်းသားသပိတ်တွေ စတင်ခဲ့ပြီး ဖြိုခွင်းခြင်းလည်း ခံခဲ့ရတယ်။ ကျမရဲ့ တက်ကြွလှုပ်ရှားမှု ခရီးဟာလည်း “တံတားနီနေ့” လို့ သမိုင်းတွင်တဲ့ မတ်လ ၁၆ ရက်နေ့မှာ စတင်ခဲ့ပါတယ်။
အဲဒီအချိန်က ဦးနေဝင်းလက်ထက် အာဏာရှင်စနစ်ကို မဖြစ်မနေဖယ်ရှားဖို့ လိုအပ်ကြောင်း ကျမတို့ ကောင်းစွာ သဘောပေါက်ခဲ့ကြပြီး အဲဒီအတွက် ပြည်သူလုထုကြီး တစ်ရပ်လုံး ကျမတို့နဲ့အတူ ပူးပေါင်းပါဝင်လာအောင် စည်းရုံးခဲ့ကြပါတယ်။
ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ ရဟန်း သံဃာတော်တွေ စတဲ့ တခြားသော ကျမတို့နဲ့အတူ ရပ်တည်လိုသူတွေနဲ့ ချိတ်ဆက်နိုင်ဖို့ ကျမတို့ အားသွန် ခွန်စိုက် ကြိုးပမ်းခဲ့ကြပါတယ်။ အဲဒီနောက် ဩဂုတ်လ ၈ ရက်နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာ အထွေထွေ သပိတ်တစ်ခု ဆင်နွှဲဖို့ နှိုးဆော်ခဲ့ပါတယ်။
အဲဒီအချိန်က မိုဘိုင်းဖုန်းတွေ၊ လူမှုကွန်ရက်တွေနဲ့ အင်တာနက်တွေ မရှိခဲ့ပါဘူး။ ဒါကြောင့် ကျမတို့ဟာ လူစည်းကားရာ လက်ဖက်ရည်ဆိုင်တွေ၊ ဘုန်းကြီးကျောင်းတွေ၊ အိမ်တွေမှာဘဲ လူချင်းတွေ့ဆုံပြီး စည်းရုံးရေး လုပ်ခဲ့ရပါတယ်။
ဩဂုတ်လ ၆ ရက်နေ့မှာ ဘီဘီစီသတင်းထောက် ခရစ္စတိုဖာဂန်းနက် ကနေတစ်ဆင့် ဩဂုတ်လ ၈ ရက်နေ့မှာ ပြုလုပ်မယ့် အထွေထွေသပိတ်အကြောင်း အများပြည်သူထံ သတင်း စကား ပေးပို့နိုင်ခဲ့ပါတယ်။ ဘီဘီစီသတင်းဌာနရဲ့ ထုတ်လွှင့်မှုကနေတစ်ဆင့် ကျမတို့ရဲ့ သတင်းစကားတွေ ကမ္ဘာတစ်ဝှမ်းကိုသာမက မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူလူထုထံပါ ရောက်ရှိသွားခဲ့ပါတယ်။ ဒီနည်းလမ်းဟာ အဲဒီခေတ်အခါက အများပြည်သူထံ သတင်းအချက်အလက် အမြန်ဆုံးနဲ့ အကျယ်ပြန့်ဆုံး ရောက်ရှိစေတဲ့ နည်းလမ်းဖြစ်ပါတယ်။
ဩဂုတ်လ ၇ ရက်နေ့မှာ ကျမတို့ရဲ့ နောက်ဆုံးအကြိမ် ကြိုတင်ပြင်ဆင်ရေး အစည်းအဝေးကို ကျင်းပခဲ့ကြပြီးနောက် နောက်တစ်နေ့အတွက် မျှော်လင့်စိတ်အပြည့်နဲ့ အိမ်ပြန်သွားခဲ့ပါတယ်။ ဒါပေမယ့် အိမ်ရောက်တဲ့အခါ ကျမရဲ့ မိသားစုက ကျမအတွက် တခြားအစီအစဉ်တစ်ခု ပြင်ထားတာကို သိလိုက်ရပါတယ်။
ကျမ လုံခြုံရေးအတွက် စိုးရိမ်တဲ့ အမျိုးသား သူငယ်ချင်းတစ်ဦးက ၈ လေးလုံး အစီအစဉ်မှာ ကျမ ပါဝင်နေတဲ့အကြောင်းကို အိမ်ကို အသိပေးလိုက်တာမို့ ကျမရဲ့ မိသားစုက စိုးရိမ်စိတ်နဲ့ ရန်ကုန် မြို့လယ်မှာရှိတဲ့ ကျမအစ်ကို မိသားစုရဲ့ တိုက်ခန်းထဲမှာ ကျမကို ပိတ်ထားလိုက်ကြပါတယ်။
အိမ်ကနေ ထွက်နိုင်ဖို့ တစ်ညလုံး ကျမ ကြံစည်နေခဲ့ပါတယ်။ ဩဂုတ်လ ၈ ရက်နေ့ မနက်မှာတော့ ကျမ အစ်ကိုရဲ့ မိသားစုဝင်တွေကို အပြင်ထွက်ခွင့်ပေးဖို့ ငိုယိုတောင်းပန်ခဲ့ပေမယ့် လက်မခံကြတဲ့အတွက် ကျမမှာ ဘာမှမတတ်နိုင်ဘဲ ခံပြင်းဒေါသထွက်ပြီး ဝရန်တာနား ရပ်နေခဲ့မိပါတယ်။
ကျမ ရှိနေတဲ့ တိုက်ခန်းကနေ လှမ်းကြည့်လိုက်ရင် သပိတ်အတွက် အဓိက စုရပ်များဖြစ်တဲ့ မြို့တော်ခန်းမနဲ့ ဆူးလေ ဘုရားကိုသွားတဲ့ လမ်းမကြီးကို လှမ်းမြင်နေရပါတယ်။ ဒါပေမယ့် အဲဒီလမ်းမကြီးနဲ့ ကျမကြား နီးနီးလေး နဲ့ ကမ္ဘာခြားနေခဲ့တယ်။
အဲဒီနေ့မနက်က လမ်းမပေါ်မှာ လူတစ်ယောက်မှ မရှိဘဲ တိတ်ဆိတ် ခြောက်ကပ်နေခဲ့ပါတယ်။ ဒါပေမယ့် မနက် ၉ နာရီထိုးပြီး မကြာခင်မှာ လမ်းမပေါ်ကို လူတွေ စတင်ထွက်လာကြပါတယ်။ အစပိုင်းမှာ တစ်ယောက်စ နှစ်ယောက်စသာ ထွက်လာကြပြီး အဲဒီနောက် အုပ်စုငယ်လေးတွေနဲ့ တစ်စုပြီးတစ်စု ထွက်လာကြပြီး နောက်ဆုံးမှာ လူအုပ်ကြီး တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်လာပါတော့တယ်။
လမ်းမထက်က လူတွေရဲ့ မျက်နှာတွေပေါ်မှာလည်း မျှော်လင့်ချက်၊ ရဲရင့်မှု၊ စိတ်သောက ဖြစ်မှုတွေနဲ့အတူ အလွန်စွန့်စားမှု ကြီးတယ်ဆိုတဲ့ အသိစိတ်ကြောင့် ဖိစီးမှုဖြစ်မှု စတဲ့ ခံစားချက်တွေ အားလုံး ရောထွေးနေတဲ့ အရိပ်အယောင်တွေ မြင်နေရပါတယ်။
ဦးနေဝင်း အုပ်ချုပ်ခဲ့တဲ့ ၂၆ နှစ်တာ ကာလအတွင်း ပြည်သူတွေက ပထမဆုံးအကြိမ် လမ်းမထက်စုဝေးပြီး တစ်ပါတီ အာဏာရှင်စနစ်ကို လက်မခံကြောင်း သူတို့ရဲ့ ဆန္ဒကို ရဲရဲဝံ့ဝံ့ထုတ်ဖော် ပြသခဲ့ကြတာ ဖြစ်ပါတယ်။ ကြုံတွေလာနိုင်တဲ့ အန္တရာယ်ကို လူတိုင်းသိပေမယ့် အားလုံးက ခိုင်မာတဲ့ သန္နိဋ္ဌာန်တွေ ရှိနေခဲ့ကြပါတယ်။
ဝရန်တာကနေပြီး ဆန္ဒပြလူအုပ်ကြီးရဲ့ ကြွေးကြော်သံတွေကို မြင်ရကြားရတဲ့အခါ ကျမ လိပ်ပြာမလုံ ဖြစ်လာခဲ့ပါတယ်။ ကျမရဲ့ ရဲဘော်ရဲဘက်တွေက လမ်းမပေါ်ရောက်နေချိန် ကျမက သူတို့နဲ့အတူ ရှိမနေခဲ့ပါဘူး။ အစီအစဉ်ရေးဆွဲချိန်၊ စည်းရုံးရေးဆင်းချိန်နဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ချိန်က ကိုယ်တိုင် ပါဝင်ခဲ့ပေမယ့် တကယ်တမ်း အကောင်အထည်ဖော်တဲ့အခါ ဘေးလွတ်ရာ ရောက်နေခဲ့တဲ့ ကျမအဖြစ်ကို ကျမ ရှက်နေခဲ့ပါတယ်။
မိသားစုနဲ့ တစ်နေ့လုံး အတိုက်အခံလုပ်ပြီး အပြင်ထွက်နိုင်ဖို့ အမျိုးမျိုး ကြံဆခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ မွန်းလွဲပိုင်း ညနေမစောင်းမီအချိန် ရောက်တဲ့အခါ ကျမ ဂဏာမငြိမ် ဖြစ်လာပြီး ဆန္ဒပြလူအုပ်ကြီး တောင့်ပြီးခံနိုင်မှာလား၊ ဖြိုခွင်းခံရမှာလား၊ ပစ်ခတ်မှုတွေ စတင်တော့မှာ လား စတဲ့ အတွေးအမျိုးမျိုး တွေးပြီး စိုးရိမ်စိတ်တွေ မြင့်တက်လာခဲ့ပါတယ်။
ဒီလိုနဲ့ အမှောင်ဝင်လာတဲ့အခါ အဆိုးဆုံးအခြေအနေတွေ မဖြစ်နိုင်တော့ဘူးလို့ ကျမ ယူဆလိုက်ပါတယ်။ ကြွေးကြော်သံတွေ တဖြည်းဖြည်း တိုးတိတ်သွားပေမယ့် ပြည်သူတွေကတော့ လမ်းမပေါ်မှာ ဆက်ရှိ နေကြပါတယ်။ ဒီလိုနဲ့ သန်းခေါင်ယံနား နီးကပ်လာနဲ့အခါ ကျမအစ်ကိုရဲ့တိုက်ခန်း အနောက်ဘက်မှာရှိတဲ့ ရဲစခန်းကနေ “သွား၊ သွား၊ သွား၊” ဆိုတဲ့ အော်ဟစ်အမိန့်ပေးသံတွေ ကြားလိုက်ရပါတယ်။
လက်ထဲမှာ ရိုင်ဖယ်သေနတ်တွေ ကိုင်ဆောင်ထားပြီး တဒုန်းဒုန်းနဲ့ ပြေးဆင်းသွားကြတဲ့ စစ်ဖိနပ်တွေကို နောက်ဖေးမီးဖိုချောင် ပြတင်းပေါက်ကနေ ကျမ လှမ်းမြင်လိုက်ရပါတယ်။ အဲဒီနောက် အချိန်အနည်းငယ် ကြာတဲ့အခါ သေနတ်သံတွေ စတင် ထွက်ပေါ်လာခဲ့ပါတော့တယ်။ လမ်းမတစ်လျှောက် သေနတ်သံတွေ ဟိန်းထွက်လာချိန်မှာတော့ ကျမလည်း အော်ဟစ်နေခဲ့မိပါတယ်။ နောက်တစ်နေ့မှာ ရန်ကုန်မြို့ကြီး တစ်မြို့လုံး ခြောက်ကပ် တိတ်ဆိတ်သွားခဲ့ပါတယ်။
၉ ရက်နေ့ မနက်ပိုင်းမှာ ကျမကို ပိတ်လှောင်ထားတဲ့ တိုက်ခန်းကနေ ရအောင်ထွက်ပြီး ရန်ကုန်ဆေးရုံကြီး ကို အပြေးအလွှား သွားရောက်ခဲ့ပါတယ်။ ဆေးရုံရောက်တဲ့အခါ ဒဏ်ရာရသူတွေ၊ ပတ်တီးစည်းထား သူတွေ၊ ပင်ပန်းနွမ်းနယ်နေကြသူတွေ အစရှိတဲ့ ဆန္ဒပြသူတွေနဲ့ ပြည့်နှက်နေတာကို တွေ့ခဲ့ရပါတယ်။ ဘာမှမစွမ်းသာတဲ့ ကျမ ယူကျုံးမရဖြစ်ပြီး ကိုယ့်ကိုယ်ကိုပဲ ပြန်ပြီးအပြစ်တင် နေခဲ့မိပါတယ်။
အဲဒီနောက်ပိုင်း ကျမတို့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ရဲဘော်ရဲဘက် တက်ကြွလှုပ်ရှားသူတွေကြား အချင်းချင်း အချိန်ယူ ပြန်လည်ချိတ်ဆက်ပြီး ရှေ့ဆက် ဘာလုပ်သင့်ကြောင်း တိုင်ပင်ခဲ့ရပါတယ်။ ဒါပေမယ့် နိုင်ငံအတွက် မျှော်မှန်းထားတဲ့ အပြောင်းအလဲကို ဖော်ဆောင်နိုင်လိမ့်မယ် ဆိုတဲ့ လေးနက်တဲ့ ယုံကြည်ချက်နဲ့ ကျမတို့အားလုံး သတ္တိဆက်မွေးခဲ့ကြပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံ ကာလမှာ စတင်ခဲ့တဲ့ တိုက်ပွဲဟာ ယနေ့တိုင် ဆက်လက်ရှင်သန်နေတဲ့ တော်လှန်မျိုးစေ့ များစွာထဲက မျိုးစေ့တစ်ခုကို ချပေးနိုင်ခဲ့ပါတယ်။
သင်ဟာ ၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့သည် ဖြစ်စေ၊ ရွှေဝါရောင် တော်လှန်ရေး ဒါမှမဟုတ် နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့သည်ဖြစ်စေ၊ ဒါမှမဟုတ် စစ်အာဏာရှင်စနစ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆန့်ကျင်လာခဲ့သူဖြစ်စေ ကျမတို့ရဲ့ လူထုလှုပ်ရှားမှုတွေဟာ တရားမဲ့တဲ့ ဘယ်လို အကြမ်းဖက် စစ်အာဏာရှင်တစ်စု ထက်မဆို ပိုမိုအင်အားကြီးပြီး နောက်ဆုံးမှာ သေချာပေါက် အောင်ပွဲခံလိမ့်မယ် ဆိုတဲ့ ယုံကြည်ချက်ကို မဖြစ်မနေ ဆက်လက်စွဲကိုင်ထားဖို့ လိုအပ်ပါတယ်။
စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖြိုချ အမြစ်ဖြတ်ဖိုနဲ့ တရားမျှတမှုရရှိဖို့ မျိုးဆက်တစ်ခုပြီးတစ်ခု ဆယ်စုနှစ်များစွာကြာအောင် ဆက်လက် တိုက်ပွဲဝင်လာကြတာကို မြင်တွေ့ရတဲ့ ကျမ အလွန်ဝမ်းနည်း ကြေကွဲရသလို ခွန်အားလည်း အလွန်ဖြစ်ရပါတယ်။
ဒီလို ကျမတို့ရဲ့ လှုပ်ရှားမှုတွေကို ပိုမိုတောင့်တင်း ခိုင်မာလာအောင် ဆက်လက်တည်ဆောက်ရင်း၊ ကျမတို့ရဲ့ ဗျူဟာတွေနဲ့ နည်းစနစ်တွေကို မွမ်းမံရင်း၊ ကွဲပြားစုံလင်တဲ့ မြန်မာပြည်သူများ အားလုံးအတွက် တရားမျှတမှုရဲ့ အဓိပ္ပါယ်ကို ပိုမိုရှင်းလင်း ပြတ်သားစွာ နားလည်နိုင်အောင် ကြိုးစားရင်း ကျမ အမြဲ ပြန်လည်အမှတ်ရမိတဲ့ အရာတစ်ခုကတော့ လူ့အခွင့်အရေးကာကွယ်သူတစ်ဦးဖြစ်ပြီး ကွန်မြူနစ်ခေတ်အလွန် ချက်သမ္မတနိုင်ငံရဲ့ ပထမဆုံး သမ္မတတစ်ဦးလည်းဖြစ်တဲ့ ဗာ့က်လာ့ဗ်ဟာဗဲလ် ရဲ့ စကားဖြစ်ပါတယ်။
သူက “မျှော်လင့်ချက်ဆိုတာဟာ ကောင်းမွန်တဲ့ ရလဒ်တစ်ခုခု ထွက်လာလိမ့်မယ်လို့ ယတိပြတ်ယုံကြည်ထားတာ မဟုတ်ဘဲ ဘယ်လိုရလဒ်မျိုး ထွက်လာပါစေ မိမိ လုပ်နေတဲ့အရာဟာ အဓိပ္ပာယ်ရှိကြောင်း နှလုံးသွင်းထားခြင်း ဖြစ်တယ်” လို့ ဆိုခဲ့ဖူးပါတယ်။
ကျမတို့ရဲ့ တိုက်ပွဲဟာ ရှည်ကြာလာခဲ့ပြီဖြစ်သလို ကမ္ဘာကြီးကလည်း အရှိန်အဟုန်နဲ့ ပြောင်းလဲနေပါတယ်။ ဒါပေမယ့် ကျမတို့ နိုင်ငံအတွက် ရောင်နီကို မမြင်ရသေးသည့်တိုင် အဲ့ဒီမျှော်လင့်ချက်အပေါ် ယုံကြည်မှုက ကျမတို့ရဲ့ ခုခံတော်လှန်နိုင်စွမ်းနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းတို့ကို ပိုမို သန်မာစေပါတယ်။
ကျမတို့ဟာ ရင်ထဲကလာတဲ့ ယုံကြည်ချက်ရဲ့ လမ်းပြမှုနောက်ကိုလိုက်ပြီး မှန်ကန်တဲ့ အရာကို လုပ်နေသရွေ့ မှန်သောလမ်းပေါ်မှာ ဆက်ရှိနေပါလိမ့်မယ်….။
သွေးစည်းညီညွတ်စွာဖြင့်-
ခင်ဥမ္မာ
(ဒေါ်ခင်ဥမ္မာသည် မြန်မာလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး ၈၈၈၈ အရေးတော်ပုံတွင် ဦးဆောင်ပါဝင်ခဲ့သူတဦး ဖြစ်သည်။ သူသည် မြန်မာလူ့အခွင့်အရေး အဖွဲ့အစည်းတခု ဖြစ်သော ရှေ့ပြေးအသံ (Progressive Voice) အဖွဲ့၏ တည်ထောင်သူ တဦးလည်း ဖြစ်သည်။ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံအတွက် ‘အမျိုးသမီးငြိမ်းချမ်းရေး တည်ဆောက်ရေး အစီအစဉ်’ ကို ထူထောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်အထိ အစီအစဉ်ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။)
ဤဆောင်းပါးကို DVB သတင်းစာမျက်နှာတွင် ဖော်ပြထားပြီး ဖြစ်ပါသည်။



