အတုအယောင်ရွေးကောက်ပွဲ ပြီးဆုံးသွားပြီ၊ သို့သော် စမ်းသပ်မှုအစစ်က ယခုမှစမည်
နောက်ထပ်တကြိမ် လှည့်စားမခံပါနှင့်ဟု ကမ္ဘာကြီးအား မိမိတို့ ပြောလိုသည်။
မြန်မာစစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ အပိုင်း (၁)၊ (၂)၊ (၃) သုံးခုစလုံး ပြီးဆုံးသွားခဲ့ပြီ။ တရားဝင်မှုတခု ဖန်တီးနိုင်ရန် စစ်အုပ်စုက အသည်းအသန် ကြိုးစားခဲ့သော်လည်း ထိုရွေးကောက်ပွဲများကို မြန်မာပြည်သူများက ဤတကြိမ်တွင်လည်း ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ကြသည်။
စစ်အုပ်စု၏ အမည်ခံ ‘ရွေးကောက်ပွဲ’ သည် ၎င်းတို့၏ အုပ်ချုပ်မှု ခိုင်မာစေရန် ကြိုတင်အကွက်ချ စီစဉ်ထားသော လုပ်ငန်းစဉ်တခုသာ ဖြစ်သည်။ ဖြစ်စဉ်တခုလုံး အစမှအဆုံးသည် အကြမ်းဖက်မှုများ၊ ကောက်ကျစ်မှုများဖြင့်သာ ပြည့်နှက်နေပြီး အဖြစ်သဘော အယောင်ဆောင် လုပ်ဇာတ်တခုထက် မပိုခဲ့ပါ။ ၎င်းသည် အသွင်ကူးပြောင်းရေး ဖြစ်စဉ်တခု မဟုတ်ပါ။ ပြုပြင်ပြောင်းလဲရေး တခုလည်း မဟုတ်ပါ။ အသွင်တမျိုးဖြင့် ဆင်နွှဲနေသော စစ်ပွဲတခုသာ ဖြစ်သည်။
သို့သော် ၂၀၁၀ ခုနှစ်တွင် ဖြစ်ပျက်ခဲ့သည့်အတိုင်း အချို့သော အစိုးရများသည် ထိုလှည့်ကွက်ဟောင်းထဲ တဖန်ဝင်ရောက်သွားနိုင်မည့် အရိပ်အယောင် လက္ခဏာများ စတင်တွေ့မြင်နေရပြီ ဖြစ်သည်။ “အလွန်စိုးရိမ်ပူပန်မိသည်” ဟူသည့် ဂျပန်အစိုးရ၏ ထုတ်ပြန်ချက်ပါ သဘောထားသည် ကြိုဆိုရမည့် လက္ခဏာဖြစ်သော်လည်း စိုးရိမ်ပူပန်မှုထက် ပို၍ထူးခြားမလာပဲ ဖြစ်နေမည့် အန္တရာယ်ရှိနေသည်။ ထိုစိုးရိမ်ပူပန်မှုကို ထိရောက်ပြတ်သားသော လက်တွေ့လုပ်ဆောင်မှုများနှင့် သက်သေမပြနိုင်လျှင် အရာထင်နိုင်မည် မဟုတ်ပေ။
နောက်ထပ်တကြိမ် လှည့်စားမခံပါနှင့်ဟု ကမ္ဘာကြီးအား မိမိတို့ ပြောလိုသည်။
အကြမ်းဖက်မှု၊ ဖိနှိပ်မှုနှင့် အတိုက်အခံများကို အပြစ်ပေးအရေးယူမှု
ဒီမိုကရေစီ တော်လှန်ရေးအင်အားစုများက တိုက်ယူခဲ့သောကြောင့် စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားခဲ့သော နယ်မြေအများအပြား ရှိနေသည်။ ထိုအထဲတွင် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းတို့တွင် စစ်အုပ်စုက ရွေးကောက်ပွဲ ပထမပိုင်းမတိုင်မီ ရက်သတ္တပတ်များအတွင်း လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်ထိုးစစ်ဆင်မှုများနှင့် မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။ မဲပုံးမရှိသော နေရာများတွင် ထောက်ခံမဲ မပေးခြင်းကြောင့် ဟူသည့် အကြောင်းပြချက်ဖြင့် စုပေါင်းပြစ်ဒဏ်ပေးခြင်း ခံရသောကြောင့် ပြည်သူ ထောင်ပေါင်းများစွာ နေရပ်စွန့်ခွာခဲ့ရပြီး ကျေးရွာများ လက်နက်ကြီးဖြင့် ပစ်ခတ်ခံခဲ့ရကာ လူနေအိမ်များလည်း ဖျက်ဆီးခြင်း ခံခဲ့ရသည်။
မှတ်တမ်းများအရ ‘ဆန္ဒမဲပေးပွဲ’ အပိုင်း (၂) နှင့် အပိုင်း (၃) ကြားကာလတခုထဲတွင်ပင် ဒါဇင်နှင့်ချီသော မြို့နယ်များတွင် နေရာအနှံ့ လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် ရာနှင့်ချီသော ထိတွေ့တိုက်ပွဲများ နှင့် ထိုးစစ်ဆင်မှုများ ရှိခဲ့သည်။ အချို့ဖြစ်စဉ်များတွင် လေကြောင်းတိုက်ခိုက်မှုများသည် နာရေးပွဲများ၊ ဆုတောင်းပွဲများနှင့် အများပြည်သူဆိုင်ရာ နေရာများရှိ လူစုလူဝေးများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများဖြစ်ကြောင်း တွေ့ရသည်။ ၎င်းတို့သည် မရှောင်လွှဲသာသော ထိခိုက်မှုများ မဟုတ်ပါ။ ခုခံတော်လှန်ရေးကို ရိုက်ချိုးပစ်ရန် ရည်ရွယ်ချက်ရှိရှိ စီစဉ်လုပ်ဆောင်သည့် ရမ်းကားအကြမ်းဖက်မှု လုပ်ရပ်များသာ ဖြစ်သည်။
တချိန်တည်းတွင် စစ်အုပ်စုသည် ၎င်း၏ အမည်ခံ “ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေ” ကို လက်နက်အဖြစ် အသုံးပြုကာ အတိုက်အခံလုပ်သူများကို အပြစ်ပေး အရေးယူခဲ့သည်။ မဲပေးရန် ငြင်းဆိုခြင်း၊ ရွေးကောက်ပွဲဖြစ်စဉ်ကို ဝေဖန်ခြင်း သို့မဟုတ် တော်လှန်ရေး အင်အားစုများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း စသည့် စွပ်စွဲချက်များ အပါအဝင် ရွေကောက်ပွဲနှင့် ဆက်စပ်သော စွဲချက်များဖြင့် ပြည်သူအနည်းဆုံး ၄၀၄ ဦး (အမျိုးသား ၃၂၄ ဦး နှင့် အမျိုးသမီး ၈၀ ဦး) ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ထိုဖမ်းဆီးမှုများသည် တရားဥပဒေစိုးမိုးရေး သို့မဟုတ် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ချက်များ မဟုတ်ပါ။ အတိုက်အခံများ နှုတ်ဆိတ်စေရန်နှင့် လက်နက်ချ အညံ့ခံလာစေရန် အကြောက်တရားဖြင့် ဖိအားပေးသော လုပ်ရပ်များသာ ဖြစ်သည်။

ဝါဒဖြန့်ခြင်း၊ အကျပ်ကိုင်ခြင်းနှင့် ကြိုတင်စီစဉ်ထားသောရလဒ်
စစ်အုပ်စုသည် “ဆန္ဒမဲပေးပွဲ” ကို အပိုင်း (၃) ခုခွဲပြီး ကျင်းပခဲ့သည့် ကာလတလျှောက်လုံး ၎င်းတို့၏ ခေါက်ရိုးကျိုး နည်းစနစ်ဟောင်းများဖြစ်သည့် လာဘ်ထိုးခြင်း၊ ခြောက်လှန့်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ထောက်လှမ်းခြင်း၊ ဝါဒဖြန့်ခြင်း စသည်တို့ အားလုံးကို ထုတ်သုံးခဲ့ကာ ပြည်သူများ ပူးပေါင်းဆောင်ရွက်လာအောင် အကျပ်ကိုင်ခဲ့သည်။ စစ်အုပ်စု လက်အောက်ခံ ဝန်ထမ်းများသည် မဲပေးရန် အတင်းအကျပ် ခိုင်းစေခြင်း ခံခဲ့ရသည်။ စစ်အုပ်စု၏ မီဒီယာများတွင် ပြန်လည်ဝါဒဖြန့်ရာတွင် အသုံးပြုနိုင်ရန် မဲရုံအပြင်ဘက်တွင် ဓါတ်ပုံရိုက်ခံရန် ပြည်သူများအား အတင်းအကျပ် ဖိအားပေးခဲ့သည်။ ဤသည် ဒီမိုကရေစီ မဟုတ်ပါ။ စောင့်ကြည့်ထောက်လှမ်းမှုအောက်တွင် အဓမ္မဖန်တီးထားသော လုပ်ဇာတ်တခုသာ ဖြစ်သည်။
ထွက်ပေါ်လာသော ရလဒ်များမှာလည်း ကြိုတင်စီစဉ်ထားပြီးသား ရလဒ်များသာ ဖြစ်သည်။ စစ်အုပ်စု၏ ကိုယ်ပွားပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) သည် လုပ်ကြံဖန်တီးထားသော အောင်ပွဲကို အရယူနိုင်ခဲ့သည်။ အခြားသော နိုင်ငံရေးပါတီများ အားလုံးနီးပါးသည် ရွေးကောက်ပွဲ နီးကပ်ချိန်ရောက်မှ ပြိုင်ပွဲမှ ဖယ်ရှားခြင်း ခံခဲ့ရပြီး၊ ထိုအထဲတွင် စစ်အုပ်စု၏ မူဝါဒများအတိုင်း လိုက်ပါကစားခဲ့သော ပါတီများသည်ပင် ပါဝင်ခဲ့သည်။ စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် ပြည့်နေသော ကြံ့ဖွံ့ပါတီသည် အရပ်သားအမတ်နေရာ အများစုကို သိမ်းကျုံးရယူကာ ခန့်အပ်ခံ တပ်မတော်သား ကိုယ်စားလှယ်နေရာ ၂၅% မှာလည်း တို့ထိရဲသူ မရှိပဲ မူလအတိုင်း ဆက်ရှိနေသည်။
ယခုအခါ မိမိတို့သည် အတုအယောင် အစိုးရတရပ်ကို ဖွဲ့စည်းပေးရန် ပြင်ဆင်နေသည့် အတုအယောင် လွှတ်တော်တခုနှင့် ထိပ်တိုက်တွေ့နေသည်။ ၂၀၁၀ ခုနှစ်က အခြေအနေအတိုင်း အားလုံးပြန်ဖြစ်နေပြီး ယခုတကြိမ်သည် ယခင်ကထက် များစွာ ပိုမိုဆိုးရွားသည်။
၂၀၁၀ ခုနှစ်က အမှားများကို ထပ်မံ မလုပ်မိစေနှင့်
၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် နိုင်ငံတကာ အသိုင်းအဝိုင်းသည် စစ်အုပ်စု၏ “အသွင်ကူးပြောင်းရေး” ဇာတ်လမ်းကို အလွယ်တကူ ယုံကြည်ခဲ့ကြသည်။
နိုင်ငံတကာ အစိုးရများသည် ဒဏ်ခတ်ပိတ်ဆို့မှုများကို အလောတကြီး ဖယ်ရှားခဲ့ကြပြီး အကူအညီများလည်း နိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ နိုင်ငံတကာ ရင်းနှီးမြှပ်နှံသူများသည် စစ်တပ်ပိုင် သို့မဟုတ် စစ်တပ်နှင့် ဆက်နွှယ်သော ခရိုနီပိုင် ကုမ္ပဏီများနှင့် စီးပွားရေး အပေးအယူလုပ်ရန် တန်းစီဝင်ရောက် လာခဲ့ကြသည်။ တချိန်ထဲတွင် စစ်တပ်သည် အကြမ်းဖက်မှု၊ သယံဇာတထုတ်ယူမှု၊ တိုင်းရင်းသားများနှင့် ဒီမိုကရေစီ အင်အားစုများကြား သွေးခွဲအုပ်ချုပ်မှု စသည့် နည်းလမ်းများကိုသုံးကာ ဆက်လက် ကြီးစိုးနေခဲ့သည်။
သို့သော် ၂၀၁၀ ခုနှစ်အလွန် တိုင်းပြည်ပွင့်လင်းလာမှုသည် တံလျှပ်တခုသာ ဖြစ်ခဲ့ပြီး ထိုအခြေအနေကို ကြိုဆိုလက်ခံလိုက်မိသည့် အမှားများ၏ နောက်ဆက်တွဲများကို မိမိတို့ ပြည်သူများက ယခုချိန်ထိ ခါးစည်းခံနေရဆဲ ဖြစ်သည်။
ဤတကြိမ်သည် ယခင်နှင့်မတူဘဲ အခြေအနေအရပ်ရပ်မှာ ကွဲပြားနေသည်။ ၂၀၂၅ ခုနှစ်တွင် စစ်အုပ်စုသည် တိုင်းပြည်၏ နယ်မြေ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်စွမ်း မရှိချေ။ နွေဦးတော်လှန်ရေး၊ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs)၊ နှင့် တိုင်းရင်းသားလူမျိုးစု တော်လှန်ရေးအဖွဲ့အစည်းများ (EROs) သည် သွေးစည်းညီညွတ်မှု၊ အားလုံးပါဝင်နိုင်မှုနှင့် လူ့အခွင့်အရေး စံတန်ဖိုးများအပေါ် အခြေခံထားသော အောက်ခြေမှ အဆင့်ဆင့်တည်ဆောက်သော ဖက်ဒရယ်ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်တခုကို ဖော်ဆောင်လာခဲ့သည်။ ၂၀၂၆ ခုနှစ်သည် စစ်အုပ်စုက ဦးဆောင်သည့် အသွင်ကူးပြောင်းရေး ဖြစ်စဉ်တခု၏ အစပထမ မဟုတ်ပါ။ လူထုတော်လှန်ရေး ဆက်လက်ဆင်နွှဲနေမည့် နှစ်တနှစ်သာ ဖြစ်ပေသည်။
စမ်းသပ်မှုအစစ်က ယခုမှစမည်
လာမည့်လများတွင် စစ်အုပ်စုသည် နိုင်ငံတကာ အသိအမှတ်ပြုကို ရရှိရန် ပိုမိုအရှိန်မြှင့် ဆောင်ရွက်လာမည် ဖြစ်သည်။ တရုတ်၊ ရုရှား၊ အီရန် နှင့် ဘယ်လာရုဇ် ကဲ့သို့သော အာဏာရှင်နိုင်ငံများကို အားကိုးအားထားပြုကာ ၎င်း၏ အတုအယောင် အစိုးရကို ကမ္ဘာ့စင်မြင့်ပေါ်သို့ ရောက်ရှိလာအောင် တွန်းတင်ပေးမည် ဖြစ်သည်။ ကုလသမဂ္ဂတွင် စစ်အုပ်စုကိုယ်စားပြု နေရာတနေရာ ရရှိရေး ကြိုးပမ်းလာမည် ဖြစ်သည်။ အာဆီယံ ထိပ်သီးအစည်းအဝေးပွဲများမှတဆင့် ၎င်းတို့အနေဖြင့် တရားဝင် အသိအမှတ်ပြုမှု ရရှိအောင် ကြိုးစားလာမည် ဖြစ်သည်။ ထို့နောက် နိုင်ငံတကာမှ ဒီမိုကရေစီအစိုးရများ၏ နှုတ်ဆိတ်နေမှု သို့မဟုတ် ၎င်းတို့၏ အားနည်းချက်များမှ ထွက်ပေါ်လာသော အခွင့်အလမ်းမှန်သမျှကို အသုံးချကာ အမြတ်ထုတ်ရန် ကြိုးစားလာမည် ဖြစ်မည်။
ဤသည် ဂျပန်၊ အာဆီယံ၊ ကုလသမဂ္ဂနှင့် အမေရိကန်နိုင်ငံ များအတွက် စမ်းသပ်မှု အစစ်တခု ဖြစ်သည်။ သင်တို့အနေဖြင့် စစ်အုပ်စု၏ အတုအယောင် လွှတ်တော်ကို အသိအမှတ်ပြုသွားမည်လား။ အတုအယောင် တရားဝင်မှု တံဆိပ်အောက်မှာ စစ်အုပ်စုကို သင်တို့နှင့်အတူ စားပွဲဝိုင်းတခုထဲတွင် အတူထိုင်ခွင့် ပြုသွားမည်လား။
ထိုသို့ ပြုလုပ်မည်ဆိုပါက မြန်မာနိုင်ငံ၏ အနာဂတ်အတွက်သာမက လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အပေါ်ထားရှိသော နိုင်ငံတကာ ကတိကဝတ်အားလုံး၏ သိက္ခာတရားအတွက် ဆုံးရှုံးမှုအကျိုးဆက်က အလွန်ကြီးမားမည် ဖြစ်သည်။
ငြင်းပယ်ပါ၊ ငြင်းဆန်ပါ၊ ထိတွေ့ဆက်ဆံမှု မလုပ်ပါနှင့်
ရှင်းလင်းပြတ်သားသော ဘုံရပ်တည်ချက် ထားရှိရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို မိမိတို့ တောင်းဆိုသည်။
နောက်ဆက်တွဲ ပေါ်ထွက်လာမည့် အတုအယောင် လွှတ်တော်နှင့် အစိုးရများအပါအဝင် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲ ရလဒ်ကို အပြည့်အဝ ငြင်းပယ်ပါ။
ဖိလစ်ပိုင်နိုင်ငံက ဥက္ကဌအဖြစ် တာဝန်ယူ ကျင်းပသွားမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ထိပ်သီးညီလာခံများ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာဖိုရမ်များ အားလုံးတွင် စစ်အုပ်စုအား အသိအမှတ်ပြုမှုပေးရန် ငြင်းဆိုပါ။
စစ်အုပ်စုက ထိန်းချုပ်ထားသော အဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် နိုင်ငံတော် ယန္တရားများအားလုံးနှင့် နိုင်ငံရေးအရဖြစ်စေ စီးပွားရေးအရဖြစ်စေ ထိတွေ့ဆက်ဆံမှု မလုပ်ပါနှင့်။
ထို့ပြင် အရေးပေါ်နှင့် လက်တွေ့ကျသော ပံ့ပိုးကူညီမှုများ ပေးရန်လည်း မိမိတို့ တောင်းဆိုသည်။
အာဆီယံ၏ အောက်တိုဘာ ၂၀၂၅ ဆုံးဖြတ်ချက် (အပိုဒ် ၂၅) နှင့်အညီ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် အပါအဝင် တော်လှန်ရေး လွတ်မြောက်နယ်မြေများရှိ နေရပ်စွန့်ခွာ ထွက်ပြေးနေသူများ အားလုံးကို အသက်ကယ် အကူအညီများ ပေးနိုင်ရန် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအကူအညီများကို အရေးပေါ် တိုးမြှင့်ပံ့ပိုးပေးရန် ချက်ချင်း ဆောင်ရွက်ရမည်။
မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့မှု တားဆီးနိုင်ရေး ကမ္ဘာလုံးဆိုင်ရာညှိနှိုင်းမှုများ လုပ်ဆောင်ခြင်းကို ဦးစားပေး ဆောင်ရွက်ရမည်။ လေတပ်သည် စစ်အုပ်စု၏ အထိရောက်ဆုံး လူသတ်လက်နက်အဖြစ် ဆက်လက် တည်ရှိနေသည်။ လေယာဉ်ဆီမရှိပါက ကျေးရွာများ၊ ဆေးရုံများနှင့် ကျောင်းများကို စစ်အုပ်စုက ဗုံးကြဲနိုင်စွမ်းသည် ကြီးမားစွာ အကန့်အသတ် ဖြစ်သွားနိုင်မည်။
မြန်မာနိုင်ငံကို ကိုယ်စားပြုပေးရန် ဟူသည့် အကြောင်းပြချက်ဖြင့် မည်သည့်စစ်အုပ်စု အရာရှိကိုမှ ဖိတ်ကြားမိခြင်း မရှိစေရေးအတွက် အာဆီယံနှင့် ဆက်သွယ်ဆောင်ရွက်မှုများသည် ရှေ့လျှောက်တွင်လည်း ပွင့်လင်းမြင်သာမှု ရှိရမည်။
လူထုလှုပ်ရှားမှုနှင့် အတူရပ်တည်ပေးရန် သင်တို့အား မိမိတို့ တောင်းဆိုသည်။
ရက်စက်ကြမ်းကြုတ်သော တရားမဝင် စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မှစ၍ ရေတွက်လျှင် မြန်မာပြည်သူများသည် ငါးနှစ်တာကာလလုံးလုံး စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို တွေ့ကြုံခံစားခဲ့ရပြီး ဖြစ်သည်။ ထိုကာလအတွင်း နိုင်ငံတကာ အသိုင်းအဝိုင်းထံမှ မြန်မာပြည်သူများ ရရှိခဲ့သည့် အရာမှာ စိုးရိမ်ပူပန်ကြောင်း ကြေညာချက်များထက် ထူးထူးခြားခြား မပိုလှချေ။ သို့သော် မိမိတို့သည် တရားမျှတမှု၊ လွတ်လပ်မှုနှင့် ဖက်ဒရယ် ဒီမိုကရေစီရေးအတွက် ကတိကဝတ်ပြုထားသော အားလုံးပါဝင်နိုင်သော ရှုထောင့်ပေါင်းစုံပါဝင်သော လှုပ်ရှားမှုတခုကို ဖော်ဆောင်လာခဲ့ပြီး ဖြစ်သည်။
မိမိတို့သည် သင်တို့ထံမှ အကူအညီ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လာခဲ့သည်။ သို့သော် နိုင်ငံတကာ၏ လုပ်ဆောင်ချက်များသည်လည်း အရေးပါနေဆဲ ဖြစ်သည်။
အတုအယောင် အစိုးရနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် စိတ်အားထက်သန်နေသော နိုင်ငံတကာ အစိုးရများကို မိမိတို့ မေးခွန်းထုတ်လိုသည်မှာ၊ သင်တို့အနေဖြင့် အမှားဟောင်းတခုကို ထပ်မံ ကျူးလွန်သွားမည်လား။ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများတွင် ကြံရာပါသူများအဖြစ် ခံယူကာ ၎င်းတို့နှင့် ပြန်လည်ထိတွေ့ဆက်ဆံခြင်းဖြင့် စစ်တပ်က မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ ဆက်လက် ကျူးလွန်နေခြင်းကို အားပေး ကူညီသွားမည်လား။ သို့မဟုတ် တရားမျှတမှုနှင့် လူသားဆန်မှုအတွက် နောက်ဆုံးတွင် ပြည်သူများနှင့် အတူတကွ ရပ်တည်သွားမည်လား။
(ဒေါ်ခင်ဥမ္မာသည် မြန်မာလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်ပြီး၊ ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကို စီစဉ်ရာတွင် ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်။ သူမသည် မြန်မာလူ့အခွင့်အရေး အဖွဲ့အစည်းတခုဖြစ်သော ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) ၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌလည်းဖြစ်သည်။)
ဤဆောင်းပါးကို MIZZIMA သတင်းစာမျက်နှာတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
