မြန်မာစစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲအလွန် ‘ဟန်ပြ’ အစိုးရကို အာဆီယံက တရားဝင်မှု မပေးရန်လို
အာဆီယံသည် ယခုတကြိမ်တွင် အမှားဟောင်းများ ထပ်မလုပ်မိအောင် မဖြစ်မနေ ရှောင်ရှားရမည်။
ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဥက္ကဋ္ဌတာဝန်ကို လက်လွှဲရယူပြီးနောက် မြန်မာနိုင်ငံ၏ အနာဂတ်နှင့် အာဆီယံကိုယ်တိုင်၏ ဂုဏ်သိက္ခာကို အဆုံးအဖြတ်ပေးမည့် ရွေးချယ်မှုတခုလုပ်ရန် လိုအပ်လာသည်။
အာဆီယံခေါင်းဆောင်များသည် လာမည့်မေလတွင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံထိပ်သီးညီလာခံတွင် တွေ့ဆုံကြမည်ဖြစ်သည်။ တဖက်တွင် တရားမဝင် မြန်မာစစ်အုပ်စုသည် ပြဿနာများ၊ အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်အကျပ်ကိုင်မှုများဖြင့် ပြည့်နေသည့် ရွေးကောက်ပွဲ ဖြစ်စဉ်တခုကို လက်နက်အဖြစ်အသုံးချကာ ၎င်း၏ အကြီးဆုံး ကိုယ်ပွားပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြီးစိုးထားသည့် အမည်ခံ “ရွေးကောက်ပွဲအလွန်အစိုးရ” တရပ်ကို နိုင်ငံတကာ အသိုက်အဝန်းထံသို့ ထုတ်ပြနိုင်ရန် ကြိုးပမ်းလာခဲ့သည်။
ဤအတုအယောင် ရွေးကောက်ပွဲအလွန် စစ်တပ်ဦးဆောင်သည့် ဟန်ပြအစိုးရကို မြန်မာနိုင်ငံကိုယ်စားပြု အဆင့်မြင့် အာဆီယံအစည်းအဝေးများ တက်ရောက်ရန်နှင့် အထူးသဖြင့် လာမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံထိပ်သီးညီလာခံ တက်ရောက်ရန် ၂၀၂၆ ခုနှစ် အာဆီယံ ဥက္ကဋ္ဌဖြစ်သော ဖိလစ်ပိုင်နိုင်ငံက ဖိတ်ကြားမည်ကို ပိုမိုစိုးရိမ် ပူပန်လာနေကြသည်။
အာဆီယံက ဤသို့ တံခါးဖွင့် ကြိုဆိုလိုက်ပါက နောက်ဆက်တွဲ သက်ရောက်မှုများမှာ ဤသံတမန်ရေးရာ ပွဲတခုစာထက် များစွာ ပိုသွားပါလိမ့်မည်။ အတုအယောင် ရွေးကောက်ပွဲအလွန် ဟန်ပြအစိုးရကို မြန်မာနိုင်ငံအား ကိုယ်စားပြုခွင့်ပေးခြင်းသည် စစ်တပ်ကိုလည်းကောင်း၊ ၎င်းက မြန်မာနိုင်ငံတွင် ပြန်လည်အသက်သွင်းရန် ကြိုးစားနေသည့် အာဏာရှင်စနစ်ကို လည်းကောင်း တရားဝင်မှုအမှား ပေးရာရောက်သွားပါလိမ့်မည်။
ထို့ပြင် ထိုသို့ဆောင်ရွက်ခြင်းသည် မြန်မာပြည်သူများအပေါ် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ကျူးလွန်ထားသည့် စစ်တပ်အဖွဲ့အစည်းတခုကို နိုင်ငံတကာ ဥပဒေနှင့်အညီ အရေးယူရမည့်အစား ၎င်းတို့နှင့် ဆက်ဆံခြင်းကို ပုံမှန်အလေ့အထတခုလို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာအောင် အစပြုပေးလိုက်သလို ဖြစ်သွားစေနိုင်သည့် အန္တရာယ်ရှိနေသည်။
ထိုသို့ အသိအမှတ်ပြုမှု ပေးခြင်းသည် စစ်တပ်၏ ဖိနှိပ်မှုနှင့် ၎င်းရရှိနေသော အထွေထွေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်နိုင်ရန် မယုံနိုင်လောက်အောင် စွန့်လွှတ်ပေးဆပ်လာခဲ့ကြသော မြန်မာပြည်သူများအတွက် ကြီးမားသောထိုးနှက်ချက် ဖြစ်သွားနိုင်သည်။ ထိုသို့မဖြစ်အောင် ဆောင်ရွက်ရန် ယခုနှစ် အာဆီယံ ဥက္ကဋ္ဌဖြစ်သော ဖိလစ်ပိုင်နိုင်ငံသည် ကျင့်ဝတ်ပိုင်းဆိုင်ရာနှင့် ဥပဒေပိုင်းဆိုင်ရာ နှစ်ခုလုံးအရ တာဝန်ရှိသလို အခွင့်အလမ်းလည်း ရှိနေသည်။
မြန်မာနိုင်ငံ အကျပ်အတည်းသည် ပြည်တွင်းစစ် တခုသက်သက်သာ မဟုတ်
မြန်မာနိုင်ငံကို ကမ္ဘာအရှည်ကြာဆုံး ပြည်တွင်းစစ် ဖြစ်ပွားနေသည့် နိုင်ငံဟု ရည်ညွှန်းကြလေ့ရှိသည်။ သို့သော် ဤဖော်ပြချက်သည် တိုင်းပြည်အကျပ်အတည်း၏ ပိုမိုနက်ရှိုင်းသော အရှိတရားကို ထင်ဟပ်ပေးနိုင်ခြင်း မရှိချေ။
လွန်ခဲ့သော ဆယ်စုနှစ်များကို ပြန်ကြည့်လျှင် မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခများသည် အဓိကအားဖြင့် အင်အားကြီးရက်စက်သော စစ်တပ်က တဖက်၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒီမိုကရေစီစနစ်နှင့် ဥပဒေကို လိုသလိုသုံးအုပ်ချုပ်ခြင်းမျိုး မဟုတ်သည့် စစ်မှန်သော တရားဥပဒေစိုးမိုးရေး ရရှိရန် ကြိုးပမ်းနေသည့် တိုင်းရင်းသား လူမျိုးစုများနှင့် လူမှုအသိုက်အဝန်းများ ပါဝင်သော မြန်မာပြည်သူများက တဖက် ဤနှစ်ဖက်ကြား ဖြစ်ပွားလာခဲ့သော ပဋိပက္ခသာ ဖြစ်သည်။
တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ (EROs) သည် စစ်တပ်၏ ဖိနှိပ်မှုများကို ဆန့်ကျင်ရန်နှင့် ဆုံးရှုံးသွားသော အခွင့်အရေးများ ပြန်ရရန် နှစ်ပေါင်းများစွာ တွန်းလှန်တိုက်ပွဲဝင်လာခဲ့ကြသည်။ တချိန်တည်းတွင် လူများစု ဗမာတိုင်ရင်းသား ပြည်သူများသည်လည်း စစ်တပ်၏ ဖိနှိပ်မှုနှင့် တိုင်းပြည်နိုင်ငံရေးအပေါ် ကြီးစိုးထားမှုကို အကြိမ်ကြိမ် စုရုံးဆန့်ကျင်လာခဲ့ကြသည်။
ဤလှုပ်ရှားမှုများသည် ‘စစ်အုပ်ချုပ်မှု အဆုံးသတ်ကာ ဖက်ဒရယ်ဒီမိုကရေစီအပေါ် အခြေခံသည့် နိုင်ငံရေးစနစ်တခုတည်ဆောက်ရေး’ ဟူသည့် အခြေတူသော လူထုတိုက်ပွဲတခုထဲမှ ထွက်ပေါ်လာသော အကိုင်းအခက်များ ဖြစ်ပြီး အပြန်အလှန် ဆက်စပ်နေသော လှုပ်ရှားမှုများ ဖြစ်သည်။
စစ်အုပ်စုနှင့်အတူ စနစ်အာဏာရှင်စနစ်ကိုပါ ဖြိုချခြင်း
ဤလူထုတိုက်ပွဲကို ဗိုလ်ချုပ်နေဝင်းလက်ထက် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် ကျောင်းသားတက်ကြွလှုပ်ရှားသူ တဦးအနေဖြင့် မိမိကိုယ်တိုင် ကိုယ်တွေ့ ဖြတ်သန်းခဲ့ဖူးသည်။
ထိုမတိုင်ခင် နှစ်နှစ်ခန့်က ဖိလစ်ပိုင်နိုင်ငံသည် သမိုင်းဝင် လူထုလှုပ်ရှားမှုမှတဆင့် အာဏာရှင် မားကို့စ်အစိုးရကို အောင်မြင်စွာ ဖြုတ်ချနိုင်ခဲ့သည်။ နှစ်ပေါင်း ၄၀ အကြာ လက်ရှိ မြန်မာနိုင်ငံတွင်လည်း အလားတူအောင်ပွဲမျိုး ဆင်နွှဲနိုင်လိမ့်မည်ဟု ပြည်သူအများက ယုံကြည်ထားကြသည်။
မြန်မာပြည်သူများသည် ဦးနေဝင်းအစိုးရကို ဖြုတ်ချနိုင်ခဲ့သော်လည်း ၎င်းနှင့် ၎င်းစစ်တပ်က တည်ဆောက်ခဲ့သော၊ အမြတ်ထုတ်ခဲ့သော၊ နိုင်ငံကို လွှမ်းမိုးချုပ်ကိုင်ရာတွင် အသုံးချနေခဲ့သော ဖိနှိပ်မှုစနစ်ကို ဖြိုချခွင့် မရခဲ့ချေ။
မြန်မာနိုင်ငံ လိုအပ်နေခဲ့သည်မှာ အစိုးရအပြောင်းအလဲချည်း သက်သက်သာ မဟုတ်ဘဲ စနစ်တစုံလုံး ပြောင်းလဲရေး ဖြစ်သည်။ မိမိတို့သည် ၁၉၈၈ ခုနှစ်တွင် ထိုသို့သော အလုံးစုံ အသွင်ပြောင်းလဲမှုမျိုး မလုပ်နိုင်ခဲ့သောကြောင့် စစ်တပ်သည် နောက်ဆုံးတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး တိုင်းပြည်သည်လည်း စစ်မှန်သော ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ပြုလုပ်ရန် သမိုင်းဝင်အခွင့်အရေး ဆုံးရှုံးခဲ့ရသည်။
စစ်တပ်အလွန် အနာဂတ်အတွက် ဒုတိယအခွင့်အရေး
မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် စနစ်တစုံလုံးကို အပြောင်းအလဲပြုလုပ်ရန် အခွင့်အရေး နောက်တကြိမ် ရရှိခဲ့သည်။ စစ်တပ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အပါအဝင် ရွေးကောက်ခံ ခေါင်းဆောင်များကို ထောင်ချပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကာ တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းခဲ့ပြီးနောက် နိုင်ငံတဝန်းရှိ သန်းပေါင်းများစွာသော ပြည်သူများက လမ်းမပေါ်ထွက်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
စစ်တပ်သည် ရက်စက်စွာ အကြမ်းဖက်ခြင်းဖြင့် ပြန်လည်တုံ့ပြန်ခဲ့ပြီး လမ်းမပေါ်ရှိ ဆန္ဒပြ ပြည်သူများအား ဦးခေါင်းကို စနိုက်ပါသေနတ်ဖြင့် ပစ်ခြင်း၊ လူထောင်နှင့်ချီ ဖမ်းဆီးခြင်းနှင့် စုပေါင်း အပြစ်ပေးသည့်အနေဖြင့် နိုင်ငံတဝန်းမှ ဒေသခံလူထုများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။
သို့သော် ထိုသို့ စစ်တပ်၏ မကြုံစဖူး အကြမ်းဖက်မှုများက ခုခံတွန်းလှန်မှုကို ရိုက်ချိုးနိုင်ခဲ့ခြင်း မရှိဘဲ တနိုင်ငံလုံးအတိုင်းအတာ လူထုလှုပ်ရှားမှု တခုကိုသာ အံ့မခန်း ပေါက်ဖွားလာစေခဲ့သည်။ စစ်တပ်လက်အောက်တွင် အနာဂတ်မရှိနိုင်ကြောင်းနှင့် စစ်တပ်၏ အုပ်ချုပ်မှုအောက်တွင် မနေနိုင်ကြောင်း သို့မဟုတ် တာဝန်မထမ်းနိုင်ကြောင်း မြန်မာပြည်သူများက အားလုံးကို အတိအလင်း အသိပေးကြေညာခဲ့ပြီး ဖြစ်သည်။
ကျယ်ပြန့်သော တော်လှန်ရေးလှုပ်ရှားမှုတခု အချိန်တိုအတွင်း ထွက်ပေါ်လာခဲ့ပြီး အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ လူငယ်တက်ကြွလှုပ်ရှားသူများနှင့် စစ်တပ်အုပ်ချုပ်မှုအောက်တွင် တာဝန်ထမ်းဆောင်ရန် ငြင်းဆန်ကာ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြသည့် ကျွမ်းကျင် ဝန်ထမ်းများအားလုံး အတူတကွ လက်တွဲစုရုံးခဲ့ကြသည်။
၎င်းတို့၏ ရည်ရွယ်ချက်မှာ အာဏာမသိမ်းခင်ကာလ အခြေအနေကို ပြန်လည်ထူထောင်ရန် မဟုတ်ပါ။ စစ်တပ်၏ လွှမ်းမိုးချုပ်ကိုင်မှုကို ဖြိုချကာ ဖက်ဒရယ် ဒီမိုကရေစီစနစ်တခုကို တည်ဆောက်ရန် ဖြစ်သည်။ ချက်ချင်းဆိုသလို တန်းတူအခွင့်အရေးနှင့် တန်းတူ လက်တွဲဆောင်ရွက်မှုကို အာမခံချက် ပေးနိုင်သော ဖက်ဒရယ် ဒီမိုကရေစီအတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာခဲ့ကြသည့် ပန်းတိုင်တူ ဝါရင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း (EROs) များကလည်း ၎င်းတို့ကို အားပေးထောက်ခံကာ အတူတကွ ပူးပေါင်း ပါဝင်ခဲ့ကြသည်။
စစ်တပ်က နေ့စဉ် လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်လာခဲ့သော်လည်း လူထုလှုပ်ရှားမှု ဆက်လက်ကြီးထွား ရှင်သန်လာခဲ့သည်။ ယခုအခါ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း (EROs)၊ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) နှင့် လူထုဦးဆောင်သော ဒေသန္တရအုပ်ချုပ်ရေး ယန္တရားများ အပါအဝင် တော်လှန်ရေးအင်အားစု အသီးသီးတို့သည် မြန်မာနိုင်ငံဒေသ အများအပြားတွင် လုပ်ငန်းလည်ပတ်နေကြပြီး ဒေသခံပြည်သူများမှာလည်း ကိုယ်ထူကိုယ်ထ အုပ်ချုပ်ရေးယန္တရားအသစ်များကို တည်ဆောက်ကာ စစ်တပ်၏ စဉ်ဆက်မပြတ် ခြိမ်းခြောက်မှု ကြားမှပင် အခြေခံဝန်ဆောင်မှုများ ပေးနေကြသည်။
မြန်မာပြည်သူများ၊ အထူးသဖြင့် လူငယ်မျိုးဆက်သစ်များ၏ စွန့်လွှတ်အနစ်နာခံမှုသည် အတိုင်းအဆ ကြီးမားလွန်လှသည်။
သို့သော် အကြမ်းဖက်မှုများနှင့် ကြီးမားသော ဆင်းရဲဒုက္ခများ ဆက်ရှိနေ
အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်ပြီး ငါးနှစ်အကြာတွင် မြန်မာနိုင်ငံသည် စစ်အုပ်စုက စနစ်တကျ ဖန်တီးထားသော ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှု အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ လက်ရှိတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ပဋိပက္ခညွှန်းကိန်းအရ အကြမ်းဖက်မှုအများဆုံး နိုင်ငံများထဲတွင် ပါဝင်နေပြီး မြန်မာပြည်သူ သုံးပုံနှစ်ပုံနီးပါး စစ်တပ်၏ အကြမ်းဖက်မှုဒဏ်ကို အလူးအလဲ ခံလာခဲ့ရသည်။
ပြည်သူ ၃ ဒသမ ၇ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ၁၆ သန်းခန့် (လူ ၃ ဦးလျှင် ၁ ဦးနီးပါး) လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသည်။ ကလေးငယ်နှင့်မိခင် သိန်းနှင့်ချီ ဆိုးရွားသော အာဟာရချို့တဲ့မှုဒဏ် ခံနေရပြီး လာမည့်နှစ်အတွင်း ပြည်သူ ၁၂ သန်းခန့် ပြင်းထန်သော အငတ်ဘေးနှင့် ကြုံတွေ့နိုင်သည်ဟု ခန့်မှန်းထားကြသည်။
ပဋိပက္ခဒဏ်ကို အများဆုံး ခါးစည်းခံလာခဲ့ရသူများမှာ အမျိုးသမီးနှင့် မိန်းကလေးငယ်များ ဖြစ်သည်။ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး ဆန္ဒပြပွဲများအတွင်း၊ စစ်တပ်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများအတွင်း သို့မဟုတ် ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်အတွင်း သတ်ဖြတ်ခံခဲ့ရသော အမျိုးသမီးများ ထောင်နှင့်ချီ ရှိနေသည်။ လက်ရှိအချိန်အထိ အမျိုးသမီးတက်ကြွလှုပ်ရှားသူ ၄,၀၀၀ ခန့် ဆက်လက်ထိန်းသိမ်း ခံထားရဆဲ ဖြစ်သည်။
မြန်မာစစ်တပ်သည် လိင်နှင့်ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများကို စစ်နည်းဗျူဟာ တခုအဖြစ် ဆက်လက်အသုံးချလာခဲ့ပြီး မုဒိမ်းကျင့်ခြင်း၊ အုပ်စုဖွဲ့မုဒိမ်းကျင့်ခြင်း၊ အဓမ္မဖော်ချွတ်ခိုင်းခြင်းနှင့် အခြားသော ရက်စက်မှုများ ကျူးလွန်ခဲ့ကြောင်း သက်သေမှတ်တမ်းများ ရှိသည်။
မှတ်တမ်းများအရ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အရေအတွက်အများဆုံး နိုင်ငံလည်းဖြစ်ခဲ့ပြီး ထိုထဲတွင် မိသားစုအတွက် စားစရာရှာဖွေရင်း ထိခိုက်ခဲ့ရသည့်အမျိုးသမီး အများအပြား ပါဝင်သည်။
စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲသည် အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေမည့် ခြေလှမ်းတခုသာဖြစ်
ဤသို့ အကြမ်းဖက်မှုများနှင့် ဖိနှိပ်မှုများ ပြည့်နှက်နေချိန် စစ်အုပ်စုသည် နိုင်ငံရေးအရ တရားဝင်မှု လုပ်ကြံရယူရန် ဆက်လက် ကြိုးပမ်းသည့်အနေဖြင့် အမည်ခံရွေးကောက်ပွဲတခုကို မကြာသေးမီက ကျင်းပခဲ့သည်။ ဤအမည်ခံ ရွေးကောက်ပွဲသည် ဒီမိုကရေစီနည်းလမ်းကျ လူထုပါဝင်မှု သွင်ပြင်လက္ခဏာ တခုမှမရှိသော အခြေအနေတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
အတုအယောင် ရွေးကောက်ပွဲ ကျင်းပသည့် ခြောက်ပတ်တာကာလ တခုထဲတွင်ပင် တိုက်ခိုက်မှုပေါင်း ၁,၂၀၀ ကျော်ရှိခဲ့သည်။ တိုင်းပြည်၏ နေရာဒေသ အများအပြားသည် စစ်အုပ်စု၏ ထိန်းချုပ်မှု ပြင်ပတွင်သာ ဆက်ရှိနေခဲ့ပြီး ၎င်းတို့သည် ထိုလွတ်မြောက်နယ်မြေများရှိ ပြည်သူများကို ၎င်းတို့၏ ပရမ်းပတာမဲပေးပွဲတွင် ပူးပေါင်းပါဝင်ကြရန် ခြိမ်းခြောက် အကျပ်ကိုင်နိုင်စွမ်း မရှိခဲ့ပါ။ အတိုက်အခံ နိုင်ငံရေးပါတီများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း များမှာလည်း စနစ်တကျ ဖယ်ရှားခံခဲ့ရသည်။
စစ်အုပ်စု ထိန်းချုပ်နယ်မြေများရှိ ပြည်သူများသည် နေရာအနှံ့ ဆန့်ကျင်တွန်းလှန်မှုဖြင့် တုန့်ပြန်ခဲ့ကြသည်။ ခန့်မှန်းခြေ ပြည်သူ ၁၁ သန်းခန့်သည် အကျပ်ကိုင်မှုများ၊ ဖမ်းဆီးရန် ခြိမ်းခြောက်မှုများနှင့် သွားလာခွင့် ကန့်သတ်ပိတ်ပင်မှုများ ကြုံတွေ့ခဲ့ရသော်လည်း မဲမပေးပဲ ဆန့်ကျင် သပိတ်မှောက်ခဲ့ကြသည်။ မဲပေးပွဲ အစီအစဉ်ကို ကန့်ကွက်ရုံမျှဖြင့် အမျိုးသမီး အယောက် ၈၀ အပါအဝင် ပြည်သူ ၄၀၀ ခန့်သည် စစ်အုပ်စု၏ အမည်ခံ ရွေးကော်ပွဲ ကာကွယ်ရေးဥပဒေအရ တရားစွဲဆိုခြင်း ခံခဲ့ရသည်။
ဗုံးကြဲတိုက်ခိုက်မှုများနှင့် လူထုအပေါ် အစုလိုက်အပြုံလိုက် ဖိနှိပ်မှုများ ရှိနေချိန် ကျင်းပသည့် မည်သည့် ရွေးကောက်ပွဲမဆို တရားဝင်မှု မရှိနိုင်သလို အကျပ်အတည်း ဖြေရှင်းရေးနှင့် ရေရှည်ပြဿနာ ပြေလည်ရေး လမ်းကြောင်းပေါ်သို့လည်း ခေါ်ဆောင်သွားနိုင်မည် မဟုတ်ပါ။ ထိုအစား အကျပ်အတည်းကိုသာ ပိုမိုနက်ရှိုင်း၊ ပိုမိုရှည်ကြာ သွားစေလိမ့်မည်။
အာဆီယံအနေဖြင့် အမှားဟောင်းများ ထပ်မလုပ်မိစေရန် လိုအပ်
၂၀၂၅ ခုနှစ် အာဆီယံဥက္ကဌ မလေးရှားသည် အရေးကြီးသော ခြေလှမ်းတခုအနေဖြင့် စောင့်ကြည်လေ့လာသူများ မစေလွှတ်ဘဲ နေခြင်းဖြင့် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ပြီး ဖြစ်သည်။
စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲ ရလဒ်များကို အသိအမှတ်ပြု ထောက်ခံရန် အာဆီယံအတွင်း ဘုံသဘောတူညီချက် မချမှတ်နိုင်သေးကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ထရီဇာ လာဇရိုက (Theresa Lazaro) ပြီးခဲ့သော ဇန်နဝါရီလက ပြောကြားခဲ့သည်။
သို့သော် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် စစ်တပ်၏ ဟန်ပြ အစိုးရတက်လာသောအခါ ၎င်းနှင့် ထိတွေ့ဆက်ဆံရန် ဆန္ဒရှိသည်ဟု သူက ဆိုခဲ့သည်။
အာဆီယံသည် ၁၉၉၇ ခုနှစ်က မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ် လက်ခံခဲ့စဉ်က တကြိမ်၊ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း အမည်ခံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် တကြိမ် အမှားလုပ်ခဲ့ပြီး၊ ထိုစဉ်က စစ်တပ်သည် တိုင်းပြည်၏ နိုင်ငံရေးစနစ်အပေါ် ဖိနှိပ်ချုပ်ချယ်မှု ပြုလုပ်နိုင်အောင် စနစ်တကျ အစီအမံချကာ လုပ်ပိုင်ခွင့်အာဏာ ဆက်လက်ဆုပ်ကိုင်ထားပြီး ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း ဆက်လက်ကျူးလွန် နေသည့်တိုင် နိုင်ငံတကာ အစုအဖွဲ့အများအပြားက စစ်တပ်နှင့် ပုံမှန် ပြန်လည်ဆက်ဆံခဲ့ကြသည်။ အာဆီယံသည် ယခုတကြိမ်တွင် ထိုသို့သော အမှားဟောင်းများ ထပ်မလုပ်မိအောင် မဖြစ်မနေ ရှောင်ရှားရမည်။
တကယ်တမ်းတွင် ထိုစဉ်က အလောတကြီး ပုံမှန်အခြေအနေ ပြန်လည် သွတ်သွင်းခဲ့ခြင်းကြောင့် စစ်တပ်၏ အခန်းကဏ္ဍ ပိုမိုကြီးထွား ခိုင်မာသွားခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်အောင် ရဲဆေးတင်ပေးရာ ရောက်သွားခဲ့သည်။ ထို့ပြင် နောက်ပိုင်းတွင် မိမိတို့ ယနေ့ကြုံတွေ့နေရသော အကျပ်အတည်း ဖြစ်လာအောင်လည်း တစုံတရာ အားပေးမှု ဖြစ်စေခဲ့သည်။
အတုအယောင် ရွေးကောက်ပွဲအလွန် ‘ဟန်ပြ’ အစိုးရကို အသိအမှတ် ပြုမှုပေးခြင်း သို့မဟုတ် ထိတွေ့ဆက်ဆံခြင်းသည် ထိုအမှားမျိုး ထပ်လုပ်မိစေနိုင်ပြီး မြန်မာနိုင်ငံ၏ အတိတ်နှင့်လက်ရှိ ကြီးမားသော ထိခိုက်ဆုံးရှုံးမှုများအတွက် တာဝန်ရှိသော ရာဇဝတ်အဖွဲ့အစည်းကို တရားဝင်မှုပေးရာ ရောက်သွားနိုင်သည်။
ဖိလစ်ပိုင်တွင် ထူခြားပြီး အရေးပါသော အခွင့်အရေးတခု ရှိနေ
အာဆီယံက မြန်မာနိုင်ငံ အကျပ်အတည်းကို ထိရောက်သော ကိုင်တွယ်ဖြေရှင်းမှုများ ပြုလုပ်နိုင်ရန်နှင့် အထူးသဖြင့် စစ်တပ်၏ နေ့စဉ်နှင့်အမျှ ဗုံးကြဲခြင်းခံနေရသော မြန်မာပြည်သူများ၏ ဘဝကို ကယ်တင်နိုင်ရန် လက်တွေ့ကျသော ဖြေရှင်းမှုများဖြင့် ကျင့်ဝတ်နှင့် ပိုမိုကိုက်ညီသော ချဉ်းကပ်ဆောင်ရွက်မှုများ ပြုလုပ်နိုင်အောင် လမ်းညွှန်ထိန်းကျောင်းပေးနိုင်သည့် အများနှင့်မတူသော အခွင့်အရေးတခု လက်ရှိ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်တွင် ရှိနေသည်။
အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲနှင့် လူထုဦးဆောင်သော ဒီမိုကရေစီရေး လှုပ်ရှားမှုများ၏ စွမ်းအားအကြောင်းကို ကိုယ်တိုင် ဖြတ်သန်းခဲ့ဖူးသော သမိုင်းအတွေ့အကြုံရှိသည့် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ကောင်းစွာ နားလည်သဘောပေါက်သည်။ လူထုက စည်းလုံးလျှင် အာဏာရှင်စနစ်ကို အမှန်တကယ် ဖြိုချနိုင်ကြောင်း ဖိလစ်ပိုင်နိုင်ငံ၏ ၁၉၈၆ ခုနှစ် လူထုစွမ်းအား တော်လှန်ရေး သမိုင်းအမွေက ဒီမိုကရေစီနှင့် လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေသော မိမိတို့ကို ကြီးမားသော သင်ခန်းစာတခုအဖြစ် ပြန်လည် သတိပေးနေဆဲဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံသည် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲအလွန် ဟန်ပြ အစိုးရကို အာဆီယံက အသိအမှတ်ပြုမှု မပေးအောင် အခိုင်အမာ ဆောင်ရွက်ခြင်းအားဖြင့် ဒေသတွင်း နိုင်ငံများကို ခေါင်းဆောင်မှု ပြသနိုင်သည်။ ရက်စက်ကြမ်းကြုတ်မှုများ နေရာအနှံ့ ကျူးလွန်ထားသော တရားမဝင် စစ်အုပ်စု၏ ကိုယ်စားလှယ်များကို အာဆီယံထိပ်သီးညီလာခံ၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် အခြားဆက်စပ် အာဆီယံ အစည်းအဝေးများတွင် မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခွင့် လုံးဝမပေးမိရန် လိုအပ်သည်။
ထိုအစား အာဆီယံသည် မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်အတွက် မြန်မာနိုင်ငံ၏ တရားဝင် ကိုယ်စားလှယ်များနှင့် ပိုမို လေးနက်ခိုင်မာသော ထိဆက်ဆံမှုများ ပြုလုပ်သင့်သည်။
လူသားချင်းစာနာမှု အကူအညီပေးရေးနှင့် နိုင်ငံတကာ တာဝန်ယူမှုတာဝန်ခံမှု အားကောင်းအောင် ဆောင်ရွက်ခြင်း
အာဆီယံသည် အကူအညီများကို တားဆီးပိတ်ပင်ကာ စစ်လက်နက်အဖြစ် အသုံးချလာခဲ့သော စစ်တပ်၏ ထိန်းချုပ်မှုအောက်က လမ်းကြောင်းများထက်စာလျှင် မြေပြင်တွင် အများယုံကြည်မှု ရရှိထားသော ကွန်ရက်များမှတဆင့် အကူအညီလိုအပ်နေသော လူမှုအသိုက်အဝန်းများထံ လူသားချင်းစာနာမှု အကူအညီများ ရောက်ရှိနိုင်အောင်လည်း ပံ့ပိုးကူညီရမည်။
၂၀၂၅ အောက်တိုဘာ အာဆီယံထိပ်သီးညီလာခံ သဘောတူဆုံးဖြတ်ချက် အပိုဒ် ၂၅ အတိုင်း နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး အပါအဝင် လုံခြုံမှု၊ ထိရောက်မှုနှင့် ပွင့်လင်းမြင်သာမှုရှိသော လူသားချင်းစာနာမှု အကူအညီပေးရေး အစီအစဉ် အကောင်အထည်ဖော်ရေးသည် မှန်ကန်သော လမ်းကြောင်းပေါ်က အခရာကျသောခြေလှမ်းတခုဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် လူ ၃ ဦးလျှင် ၁ ဦးနှုန်း လူသားချင်းစာနာမှု အကူအညီ လိုအပ်နေပြီး လူ ၁၂ သန်းခန့် ဆိုးရွားသော အငတ်ဘေးနှင့် ကြုံတွေ့နိုင်ခြေ ရှိနေသောကြောင့် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် NUG ၊ EROs နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ အပါဝင် မြန်မာနိုင်ငံ တရားဝင် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းပူးပေါင်းကာ အကူအညီ ဖြန့်ဝေရေး ယန္တရားတခု စတင်လည်ပတ်နိုင်အောင် အမြန်ဆုံး အကောင်အထည်ဖော်၍ နေရပ်စွန့်ခွာ ထွက်ပြေးနေရသော လူမှုအသိုက်အဝန်းများထံ စစ်တပ်၏ အနှောက်အယှက်မရှိပဲ အကူအညီများ ရောက်ရှိနိုင်အောင် အခိုင်အမာဆောင်ရွက်ရမည်။
ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ကျူးလွန်ခံခဲ့ရသူများနှင့် ရှင်သန်ကျန်ရစ်သူများအတွက် တရားမျှတမှု ရှာဖွေပေးနိုင်ရန် မြန်မာစစ်အုပ်စုကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားမည့် တီမောလက်စ်တေနိုင်ငံ၏ ဆုံးဖြတ်ချက်နှင့် အခြားသော နိုင်ငံတကာအသိုင်းအဝိုင်း၏ ကြိုးပမ်းမှုများ အပါအဝင် နိုင်ငံတကာ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများကို အာဆီယံဖွဲ့ဝင်နိုင်ငံများက အားပေးထောက်ခံလာအောင်လည်း ဖိလစ်ပိုင်နိုင်ငံက စည်းရုံးသင့်သည်။
အာဆီယံအနေဖြင့် စစ်အုပ်စုအား ဆက်လက် တံခါးပိတ်ထားရမည်
မြန်မာပြည်သူများသည် ၎င်းတို့၏ အသက်နှင့်ဘဝများကို ပုံအပ်ကာ ဆယ်စုနှစ်ပေါင်းများစွာ ၎င်းတို့၏ နိုင်ငံကို လွှမ်းမိုးချုပ်ကိုင်ပြီး ၎င်းတို့အပေါ် ဖိနှိပ်လာခဲ့သော စစ်ယန္တရားစနစ်တခုကို ဖြိုချနိုင်ရန် ကြိုးစားနေကြသည်။ ၎င်းတို့သည် အဆိုးတကာ့ အဆိုးရွားဆုံး စိန်ခေါ်မှုများ ရှိနေသည့်ကြားမှပင် စစ်တပ်၏ နိုင်ငံအနှံ့ အကြမ်းဖက် ခြောက်လှန့်မှုနှင့် နေစဉ်ရက်ဆက် မြေပြင်နှင့်ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်မှုများကို အန်တုကာ ဒီမိုကရေစီ ယန္တရားများကို ဆက်လက် တည်ဆောက်လာခဲ့ကြသည်။
အာဆီယံအနေဖြင့် စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကို မရပ်တန့်ပေးနိုင်ပါက အနည်းဆုံးအားဖြင့် စစ်အုပ်စုကို သံတမန်တံခါးများ လုံးဝမဖွင့်ပေးပဲ ပိတ်ထားရမည်။ အာဆီယံဥက္ကဋ္ဌဖြစ်သော ဖိလစ်ပိုင်နိုင်ငံသည် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲအလွန် ဟန်ပြ အစိုးရကို အာဆီယံက တရားဝင်မှု မပေးမိအောင် အခိုင်အမာဆောင်ရွက်ပေးရန် လုပ်ပိုင်ခွင့်အာဏာရှိသလို တာဝန်လည်း ရှိသည်။ ဖိလစ်ပိုင်နိုင်ငံသည် အာဆီယံ၏ ဂုဏ်သိက္ခာမပျက်စီးအောင် ဆက်လက်ထိန်းသိမ်းရန် အောက်ပါတို့ကို ဆောင်ရွက်ရမည်။
စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ပြီး အတုအယောင် ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာမည့် မည်သို့သော ဟန်ပြ အစိုးရအဖွဲ့ကိုမဆို အသိအမှတ်ပြုမှု မပေးပဲ ငြင်းပယ်ရမည်။ ဗုံးကြဲ တိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် ဖိနှိပ်မှုများနှင့် ဖိအားပေး အကျပ်ကိုင်မှုများ ပြုလုပ်ကာ စစ်လက်နက် သဖွယ် အသုံးချကျင်းပခဲ့သော မည်သည့် မဲပေးပွဲမျိုးမဆို တရားဝင်မှုရှိသော ငြိမ်းချမ်းရေး သို့မဟုတ် နိုင်ငံရေးအသွင်ကူးပြောင်းရေး လမ်းကြောင်းတခု မဖြစ်နိုင်ပါ။
အာဆီယံထိပ်သီးညီလာခံ၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် အခြားအာဆီယံ ဖိုရမ်များကို စစ်အုပ်၏ ကိုယ်စားလှယ်များက မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခွင့်မရအောင် အခိုင်အမာ ဆောင်ရွက်ပါ။ ပါဝင်ခွင့်ပေးခြင်းသည် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ နေရာအနှံ့အပြား ကျူးလွန်ထားသော စစ်တပ်ကို တရားဝင်မှုပေးရာ ရောက်သည်။
NUG၊ EROs၊ ဒီမိုကရက်တစ် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးစု အသိုက်အဝန်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများ အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်သို့ လျှောက်လှမ်းနေကြသော မြန်မာနိုင်ငံ၏ တရားဝင် သက်ဆိုင်ပါဝင်သူ အစုအဖွဲ့များနှင့် ပိုမိုလေးနက် ခိုင်မာသော ထိတွေ့ဆက်ဆံမှု ပြုလုပ်ပါ။
၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ချမှတ်ခဲ့သော အာဆီယံ ထိပ်သီးညီလာခံ ဆုံးဖြတ်ချက်နှင့်အညီ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီများ အရေးပေါ်အမြန်ဆုံး ပေးပို့နိုင်အောင် ဆောင်ရွက်ပါ။ ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းတွင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသော လူမှုအသိုက်အဝန်းများထံ စစ်တပ်၏ နှောင့်ယှက်မှုမရှိဘဲ အကူအညီများ အမှန်တကယ် ရောက်ရှိနိုင်အောင် NUG၊ EROs နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ အပါအဝင် မြန်မာနိုင်ငံ၏ တရားဝင် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းပူးပေါင်းကာ အများယုံကြည်မှု ရှိထားပြီးသား မြေပြင်ကွန်ရက်များမှတဆင့် ပေးပို့ဆောင်ရွက်ပါ။
မြန်မာစစ်တပ်က ပြည်သူများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကို ဟန့်တားနိုင်ရန် ဗီယက်နမ် အပါအဝင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အားလုံးက စစ်တပ်ကို လေယာဉ်ဆီ ထောက်ပံ့မှု ရပ်တန့်ပြီး စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေခြင်းကို အဆုံးသတ်နိုင်အောင် အခိုင်အမာ ဆောင်ရွက်ပါ။
စစ်တပ်က ဆယ်စုနှစ်များစွာတိုင် အထွေထွေ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေခြင်းကို အဆုံးသတ်ရန် နိုင်ငံတကာ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံအားပေး ကူညီပါ။ အာဆီယံအဖွဲ့ဝင် နိုင်ငံများသည် မြန်မာစစ်တပ်ကို ဥပဒေကြောင်းအရ အရေးယူနိုင်အောင် ဆောင်ရွက်သွားမည့် တီမောလက်စ်တေ နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုနှင့် မြန်မာစစ်တပ်ကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာအောင် ဆောင်ရွက်မည့် အခြားသော နိုင်ငံတကာ ကြိုးပမ်းအားထုတ်မှု အမျိုးမျိုးကို အပြည့်အဝ ထောက်ခံအားပေးကူညီကာ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှု ကျူးလွန်ခံခဲ့ရသူများနှင့် ရှင်သန်ကျန်ရစ်သူများအတွက် တရားမျှတမှု ရရှိနိုင်အောင် အခိုင်အမာဆောင်ရွက်ရမည်။
လာမည့် အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် ပြန်လည်သုံးသပ်ရေး လုပ်ငန်းစဉ်တွင် မြန်မာပြည်သူများ၏ တရားဝင် ကိုယ်စားလှယ်များ ပါဝင်နိုင်အောင် တရားဝင် ဖိတ်ခေါ်ပါ။ ဖိလစ်ပိုင်နိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သွားမည့် ထိတွေ့ဆက်ဆံမှုမှန်သမျှသည် လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် စစ်တပ်က ကျူးလွန်နေသော ချိုးဖောက်မှုများနှင့် ရာဇဝတ်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိအောင် ဆောင်ရွက်နိုင်ရေး ဦးစားပေးသည့် ထိတွေ့ဆက်ဆံမှုမျိုးသာ ဖြစ်ရမည်။
မူကို အခြေခံ၍ ကျင့်ဝတ်သိက္ခာနှင့်အညီ ရပ်တည်ခြင်း
မြန်မာနိုင်ငံ ပဋိပက္ခသည် အာဆီယံ၏ ဂုဏ်သိက္ခာအတွက် စမ်းသပ်မှုတခုဖြစ်ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှုအတွက် ပြင်းထန်သော ခြိမ်းခြောက်မှု တခုလည်း ဖြစ်သည်။
မကြာမီ ရောက်လာမည့် ဧပြီလ ၂၄ ရက်နေ့တွင် အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ် ငါးနှစ်ပြည့်မည်ဖြစ်ရာ အာဆီယံဥက္ကဋ္ဌဖြစ်သော ဖိလစ်ပိုင်နိုင်ငံနှင့် ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တို့သည် မြန်မာပြည်သူများနှင့် အတူရပ်တည်ကာ မူကို အခြေခံသည့် ကျင့်ဝတ်နှင့်ကိုက်ညီသော လုပ်ဆောင်ချက်များကို အမြန်ဆုံး ရဲရဲဝံ့ဝံ့ ဆောင်ရွက်သွားရန် အဆင်သင့်ဖြစ်ပြီလား၊ သို့မဟုတ် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် တာဝန်ရှိသော စစ်အုပ်စုကို မရည်ရွယ်ဘဲ တရားဝင်မှု ပေးလိုက်မည်လား ဟူသည်မှာ အဓိကမေးခွန်း ဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံ၏ လုပ်ဆောင်ချက်များသည် မြန်မာပြည်သူလူထု၏ မျှော်မှန်းချက်များ၊ မျှော်လင့်ချက်များနှင့် ကိုက်ညီရမည်။ စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲအလွန် ဟန်ပြအစိုးရကို အသိအမှတ်ပြုမှုပေးရန် ငြင်းဆန်ခြင်းနှင့် ၎င်းကို အာဆီယံ ထိပ်သီး ညီလာခံ၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး သို့မဟုတ် အခြား အာဆီယံဖိုရမ် တခုခုတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် တက်ရောက်ခွင့်မပြုဘဲ ပိတ်ပင်ခြင်းသည် အစကောင်းတခု ဖြစ်သည်။
(ဒေါ်ခင်ဥမ္မာသည် မြန်မာလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်ပြီး ၈၈၈၈ အရေးတော်ပုံတွင် ဦးဆောင်ပါဝင်ခဲ့သူတဦး ဖြစ်သည်။ သူသည် မြန်မာလူ့အခွင့်အရေး အဖွဲ့အစည်းတခု ဖြစ်သော ရှေ့ပြေးအသံ (Progressive Voice) အဖွဲ့၏ တည်ထောင်သူ တဦးလည်း ဖြစ်သည်။ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ အတွက် ‘အမျိုးသမီးငြိမ်းချမ်းရေး တည်ဆောက်ရေးအစီအစဉ်’ကို ထူထောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်အထိ အစီအစဉ်ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။)
ဤဆောင်းပါးကို DVB သတင်းစာမျက်နှာတွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

